မောင်တောမှာ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ
2017.11.03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရေကုန်ဘောင်ကျေးရွာသား ၂ ဦး ငါးရှာပြီးအပြန်မှာ မွတ်စလင်တွေက မနေ့က အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးလုံးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
တုတ်၊ ဓားတွေကိုင်ဆောင်ထားတဲ့ မွတ်ဆလင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘာကြောင့်တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ သရေကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင် ကပြောပါတယ်။
"ဒီဖက်တွေမှာ မနာလိုတဲ့သူတွေလည်းရှိသလို အငြိုးထားတဲ့သူတွေလည်းရှိတယ်ပေါ့၊ အခင်းဖြစ်တဲ့အခါမှာတော့ ၄ ယောက်ပါတယ်၊ သူတို့နောက်ကွယ်မှာလည်း ကုလားတွေကတော့ များပါတယ်၊ သံတုတ်နဲ့ဝင်ပြီးတော့ ရိုက်တယ်လို့ သိရပါတယ်ခင်ဗျ"
တိုက်ခိုက်ခံရတဲ့သူတွေထဲက တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ဓားဒဏ်ရာတွေ ပြင်းထန် တာကြောင့် မောင်တောဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။
မနေ့က အခင်းဖြစ်ပွားခဲ့တာဟာ ငါးရှာရာကနေအပြန် (ပ)ချီးယားတန်းကျေးရွာနဲ့ မလှမ်းမကမ်းမှာဖြစ်ပွား ခဲ့တာဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။
မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား တဖက်နဲ့တဖက် ယုံကြည်မှုမရှိတာအပြင် တဖနဲ့တဖက် ရန်စတာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင် ကပြောပါတယ်။