မောင်တောဒေသ မြေပြင်အခြေအနေ အစီရင်ခံစာ တင်မည်
2017.09.19

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ၃ မြို့နယ်က မွတ်ဆလင်ကျေးရွာ ၁၇၆ ရွာမှာ ရွာလုံးကျွတ် ထွက်ပြေးသွားကြသူတွေ ပြန်ဝင်လာမယ်ဆိုရင် သေချာစိစစ်ပြီးမှ အုပ်ချုပ်ရေးထိန်းချုပ်နိုင်မယ့်နေရာတွေမှာ နေရာချထားဖို့ လွှတ်တော်ကိုတင်ပြသွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့် က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မောင်တောဒေသကို သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို လွှတ်တော်ပြန်စရင် တင်ပြသွားမှာဖြစ်တယ်လို့ ဦးစောမိုးမြင့်က ပြောပါတယ်။
‘’ဟိုမှာတွေ့ခဲ့တဲ့ ဘင်္ဂါလီရွာဆိုရင် ၁၇၆ ရွာမှာ ရွာလုံးကျွတ်တစ်ယောက်မှမရှိတော့ဘူး၊ ပြန်လာလို့ရှိရင် လည်း သူတို့ကိုအဲဒီနေရာမှာ ပြန်မပေးတော့ဘူး၊ အုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်လို့ရမယ့် တရားဥပဒေ စိုးမိုးနိုင်မယ့်နေရာမှာ စနစ်တကျပြန်ချပေးမယ်၊ ပြန်လာလို့ရှိရင် စိစစ်မယ်လက်ခံမယ်၊ လူတွေလည်း ခွဲသင့်တာခွဲထားရမယ်၊ ဗလီလည်း ဟိုတုန်းက သူတို့ဟာသူတို့ မှိုလိုပေါက်အောင်လုပ်ထားတာ၊ စာသင်လို့ ရှိရင်လည်း ဒီဘက်ကစာကို သူတို့က အသင်မခံဘူးလေ၊ သူတို့မော်လဝီဆရာနဲ့ပဲအသင်ခံ အဲလိုဖြစ်နေ တာ၊ တိုင်းရင်းသားရွာတွေကိုလည်း သွားရေးလာရေးလွယ်ကူတဲ့အစုအဖွဲ့နဲ့ ပြန်လုပ်ပေးရမှာပေါ့ အဲလိုရှိပါတယ်’’
ဒါ့အပြင် တစ်စုံတရာပြဿနာဖြစ်ပွားလာရင် မောင်တောဒေသနဲ့ နယ်နိမိတ်တစ်လျှောက်ကို အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ဖို့ကိုလည်း ထည့်သွင်းတင်ပြသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်အဖွဲ့တွေဟာ ရဲကင်းစခန်း ၃၀ ကို ဝင်ရောက်စီးနင်းခဲ့ကြပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ပြန်လည်နှိမ်နင်းခဲ့ရာ လက်ရှိအချိန်မှာတော့ အခြေအနေတည်ငြိမ်နေ ပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘူးသီးတောင်၊ စစ်တွေမြို့ပေါ်တွေဆီကို ထွက်ပြေးလာကြသူအများစုလည်း နေရပ်ပြန်နေကြပြီဖြစ်သလို အစိုးရဝန်ထမ်းတွေလည်း တာဝန်ပြန်လည်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။