တောင်ပြိုလက်ဝဲမြို့မှာ ခိုလှုံနေသူ ၇၀၀ အတွက် စားနပ်ရိက္ခာလိုအပ်နေ
2017.08.27

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာကနေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ပြီး မောင်တော မြို့နယ် တောင်ပြိုလက်ဝဲမြို့ကို ရောက်ရှိနေ တဲ့ ဒေသခံ ၇၀၀ ဟာ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ ကျောင်းသူ၊ ကျောင်းသား ၅၀၀ ကျော်ပါလာပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့ နံ့သာတောင်ဆရာတော် ကမိန့့်ပါတယ်။
"ဘာမှမပေးဘူး။ ကလေးတွေက ထမင်းငတ်နေပြီ။ ဘုန်းဘုန်းတို့က အခုလမ်းကြောင်းတွေလည်း မပွင့်ဘူး ဆိုတော့ အဲ့စားရေးသောက်ရေးက အခက်အခဲပေါ့။ ဘယ်လိုလုပ်လို့ လုပ်ရမလဲဆိုတော့ အဲ့ဒါ ဘုန်းဘုန်း တောင်ပြို မရက ရုံးမှာ ဘုန်းဘုန်းမှာ ယခင်ကတည်းက ဆန်အိတ် ၁၀ အိတ်ရှိတယ်။ အဲ့ဒါလေးနဲ့တော့ အခု စားသောက်နေတယ်။ ဘယ်လောက်ခံနိုင်မယ်ဆိုတော့ နောက်ထပ် ၁ ရက်ပေါ့။ အကုန်လုံးလည်း အကြပ်အတည်း ဖြစ်နေကြပါပြီ"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က နံ့သာတောင်ကျေးရွာက ရဲကင်းစခန်းကို အစွန်းရောက် အကြမ်းဖက်သမားတွေ က ဝင်ရောက်တိုက်ခိုက်ပြီး တဲ့နောက် ဒေသခံတွေဟာ တောင်ပြိုလက်ဝဲမြို့က ရဲတပ်ရင်းနယ်မြေထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာခဲ့တာလို့ ပြောပါတယ်။
ရွာသားတွေထွက်ပြေးတိမ်းရှောင်လာပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့မှာ နံ့သာတောင်ရွာကို အစွန်းရောက် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နံ့သာတောင်ဆရာတော်က မိန့်ပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအုပ်စုအတွင်းက ဒေသခံရခိုင်တိုင်းရင်းသား ၃၀၀ ကျော် ဟာလည်း ကြိမ်ချောင်းရဲစခန်းအတွင်း ခိုလှုံနေရ ပြီး နေရေးစားရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်က ကြိမ်ချောင်းကျေးရွာအနီးမှာ အစိုးရတပ်မတော်က လုံခြုံရေး ယူထားစဉ် လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် တပ်မတော် သားနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။