မောင်တောမြို့ပေါ်ထွက်ပြေးလာသူ ၃ ထောင်ကျော်ရှိ
2017.08.27

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် မောင်တောမြို့ကိုထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက် ၃ ထောင်ကျော်ရှိနေပြီလို့ ဒေသခံတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
လုံခြုံရေးအားနည်းတာကြောင့် အခုလိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ရွှေရင်အေး ကျေးရွာက ထွက်ပြေးတိမ်းရှောင်လာသူ ကိုအောင်အောင်ဦး က ပြောပါတယ်။
"ညပိုင်းကျတော့ ပြောရမယ်ဆို ဒေသခံတွေက စိုးရိမ်တာပေါ့၊ တပ်ကလည်းမရှိဘူး၊ ရဲအင်အားကလည်း နည်းနည်းပဲရှိတယ်၊ အဲဒါကြောင့်မို့လို့ ကြောက်ပြီးတော့ တစ်ယောက်မှ မနေရဲဘူး ရွာမှာအခု၊ ကုလားရွာနဲ့ ဝေး တဲ့နေရာကို ထွက်ပြေးနေကြရတယ် အကုန်လုံး၊ အိမ်ကိုဒီအတိုင်းထားခဲ့ပြီးတော့ လွတ်ရာကျွတ်ရာကို ပြေးရ တာပေါ့၊ မိသားစုတွေရော အကုန်လုံးပြေးတာပါခင်ဗျ၊ ကျနော်တို့နဲ့ မနီးမဝေး ခရေမြိုင်ရွာကနေပြီးတော့ သေနက် သံတွေကြားတယ်၊ အဲဒီဘက်က မွတ်စလင်တွေလည်း အော်တာပေါ့၊ သူတို့တွေ အော်ပြီးတော့ အုပ်စုလိုက်ကြီး တက်လာတဲ့ပုံစံမျိုးဆိုတော့ ကျနော်တို့လည်း ကြောက်ပြီးတော့ မနေရဲဘဲနဲ့ ရဲတွေကိုပြောပြီး ကျနော်တို့လည်း သွားတော့မယ်ဆိုပြီး ထွက်လာတာဗျ"
မောင်တောမြို့နယ် ရွှေရင်အေး၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ခရေမြိုင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ သုံးမိုင်၊ လေးမိုင်နဲ့ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတွေ မှာ ထွက်ပြေးခိုလှုံနေကြရသလို မြို့ပေါ်ရပ်ကွက် က ဒေသခံတိုင်းရင်းသားမိသားစုတွေလည်း ဘုန်းတော်ကြီးကျောင်းတွေကို ပြောင်းရွှေ့ခိုလှုံနေကြရတယ် လို့သိရပါတယ်။
မြို့နဲ့ အလှမ်းဝေးတဲ့ကျေးရွာတွေကတော့ နီးစပ်ရာကို ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်မှာတော့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာရတဲ့ကျေးရွာပေါင်းက ၄၀ နီးပါးရှိပြီး လုံခြုံနိုင်တဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်လာကြတာလို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေပြီး မောင်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၉၀ ကျော်ကို စားနပ်ရိက္ခာအကူအညီပေးဖို့ ပြည်နယ် အစိုးရကိုတင်ပြထားတယ်လို့ မောင်တောမြို့အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မနေ့ညက မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာက တိုင်းရင်းသားတွေနေထိုင်တဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေ အပါအဝင် ဘုန်းကြီးကျောင်းကိုပါ အစွန်းရောက် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့သလို ဒီနေ့မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ် သင်္ဂနက်ကျေးရွာမှာ တပ်မတော်စစ်ကြောင်းတစ်ခု ကို ရှော့တိုက် မိုင်းတွေဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက် တစ်ခုမှာဖော်ပြထားပါတယ်။
ဒါ့အပြင် မနေ့ညက မောင်တောမြို့နယ် ရန်ကာစေတီကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ တိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၉ ဦး ပျောက်ဆုံးနေ သလို မြင်းလွတ်မြို့ကနေ မောင်တောမြို့ကိုလာရောက်တဲ့ ဟိန္ဒူမိသားစုဝင် ၁၂ ဦးကို မြို့သူကြီး ရပ်ကွက်အနီးမှာ အကြမ်းဖက်သမားတွေကတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၃ ဦးအပါအဝင် ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။