နိုင်ငံတကာအဖွဲ့အစည်း အကူအညီတချို့ ကယ်ဆယ်ရေးစခန်းတွေ ငြင်းဆန်
2017.09.02

ရခိုင်ပြည်နယ် မောင်တောဒေသကနေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူတွေ ယာယီခိုလှုံနေကြတဲ့ ကယ်ဆယ်ရေးစခန်းတွေကို Plan International အဖွဲ့က မီးဖိုချောင်သုံးပစ္စည်းတွေကို မနေ့က သွားရောက်လှူဒါန်း ခဲ့ရာမှာ အကူအညီတွေကို အားလုံးကလက်မခံဘဲ ငြင်းဆန်လိုက်ကြတယ်လို့သိရပါတယ်။
မောင်တောဒေသခံတွေက လက်မခံတာကြောင့် ငြင်းဆိုလိုက်တာဖြစ်တယ်လို့ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားတဲ့ စစ်တွေမြို့ ဓမ္မာရာမကျောင်းတိုက်ဆရာတော် ဦးသုမင်္ဂလက မိန့်ပါတယ်။
"တခြားအဖွဲ့တွေက လာလှူမှာဆိုလို့ အဲ့ဒါကို ဘုန်းဘုန်းကတော့ ပြောမယ်၊ ဘုန်းဘုန်းက ဘယ်လိုဆိုတော့ ခင်ဗျားတို့ ဘယ်အဖွဲ့လဲ ဘယ်ဌာနလဲ အဲ့ဒါမေးမှာ၊ မေးလို့ရှိရင် အဲဒီအဖွဲ့တွေကို ပြည်သူကလက်ခံတယ်ဆိုရင် ဘုန်းဘုန်းတို့ လက်ခံမှာပေါ့"
Plan Internation အဖွဲ့အစည်းက ဓမ္မာရာမကျောင်းတိုက် ကယ်ဆယ်ရေးစခန်းအပါအဝင် အခြားကယ်ဆယ်ရေး စခန်းအချို့ကို သွားရောက်ပြီး မီးဖိုချောင်သုံးပစ္စည်းတွေ မနေ့က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာနဲ့ အခြားအကူအညီတွေကို ရယူနေသူတွေဖြစ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မောင်တောဒေသကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေက အဲဒီအကူအညီတွေကို လက်မခံတာလို့ လည်းသိရပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေဟာ အစွန်းရောက်အကြမ်းဖက်သမားတွေကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အကူအညီတွေပေးနေတယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၅ ခုမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အဲဒီအဖွဲ့တွေအားလုံး ရခိုင်ပြည်နယ်ထဲကနေ အပြီးတိုင်ထွက်ခွာပေး ဖို့ ပြည်နယ်အစိုးရကနေတစ်ဆင့် တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလိုတောင်းဆိုထားတဲ့အတွက် စစ်တွေမြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိလာကြတဲ့ ဒုက္ခ သည်တွေကို နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေက အကူအညီတွေပေးလာရင် လက်မခံကြဖို့ အကြောင်းကြား စာတွေကို စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးရဟန်းတော်တွေက ကယ်ဆယ်ရေးစခန်းတွေဆီကို မနေ့က ဖြန့်ဝေထားပါတယ်။
မောင်တောဒေသကနေ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိကြသူတွေဟာ ဒီနေ့အထိ ၂၀၀၀ လောက်ရှိနေပြီး မြို့ပေါ်ဘုန်းတောင်ကြီးကျောင်း ၁၂ ကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး နေရာချထားပါတယ်။