အကြမ်းဖက်မှုကြောင့် ထွက်ပြေးရသူ နှစ်သောင်းကျော်ရှိ


2017.09.11
maungtaw-refugees-622 မောင်တောမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ စစ်တွေမြို့ ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူနည်းစုတိုင်းရင်းသားတွေအပါအဝင် ရခိုင်တိုင်း ရင်းသားပေါင်း နှစ်သောင်းကျော်ရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးရုံးမှာ ရခိုင်ဒေသအတွက် အလှူငွေပေးအပ်ပွဲအပြီးမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောတာဖြစ်ပါတယ်။

"အခုလောလောဆယ် စခန်းတွေမှာရောက်နေတာ နှစ်မျိုးနှစ်စားပေ့ါ၊ တိုင်းရင်းသားတွေဆိုရင် ရခိုင်တိုင်းရင်းသားတွေရှိမယ် လူနည်းစုတိုင်းရင်းသားတွေရှိမယ်၊ ရခိုင်တိုင်းရင်းသားကတော့ မနေ့ကစာရင်းအထိ ၂၃၈၁၈ ဦးရှိတယ်၊ လူနည်းစုတိုင်းရင်းသားက ၆၈၉၅ ယောက်ရှိတယ်"

အဲဒီတိုင်းရင်းသား နှစ်သောင်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပြီး စစ်တွေမြို့ပေါ်မှာတင် ဒုက္ခသည်စခန်း ၂၀ လောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေးသွားမှာဖြစ် တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့ပါတယ်။

ဒီနေ့ အလှူငွေပေးအပ်ပွဲမှာ တောင်တွင်းကြီးမြို့နယ် ရခိုင်ဒေသဒုက္ခသည်များ ကူညီထောက်ပံ့ရေးအဖွဲ့က ပေးအပ်တဲ့ အလှူငွေကျပ်သိန်းပေါင်း ၁၈၈ သိန်းကျော် လက်ခံခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ၊ အသက်သေဆုံးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ နယ်စပ်ခြံစည်းရိုး ကာရံဖို့အတွက် မနေ့က စေတနာရှင်တွေ လှူဒါန်းတဲ့ ငွေကျပ်သိန်းပေါင်း ၄ သောင်း ၃ ထောင်ကျော် လက်ခံရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။