ဒုက္ခသည်စခန်းတွေ မပိတ်ဘူးလို့ ပြည်နယ်အစိုးရ ပြော
2017.11.02
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ဒီနေ့နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကြောင်းနဲ့ လူနည်းစုသာကျန်တော့တဲ့ ဒုက္ခသည်စခန်းတွေကို အများစုစခန်းတွေနဲ့ ပူးပေါင်းသွားဖို့ စီစဉ်တာသာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့ပေါ်မှာ ဟိန္ဒူဘာသာဝင်တွေ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတစ်ခု ကျန်ရှိနေသေးပြီး ဒါကိုလည်း ပိတ်သိမ်းသွားမှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောပါတယ်။
"မပိတ်ဘူး၊သူတို့ကို ပြန်နိုင်တဲ့သူတွေ ပြန်ကြဖို့ပြောတာ။ တစ်ယောက်စ နှစ်ယောက်စ ကျန်တဲ့စခန်းတွေပြော တာ ပိတ်သိမ်းမယ်ဆိုတာက။ အများကျန်တဲ့ဟာ မပြောဘူး။ ဟိန္ဒူတို့ ဘာတို့က ဓညဝတီ အားကစားကွင်းမှာ ကျန်သေးတယ်။ သူတို့ကို ဆက်ပေးနေတယ်။ ပြန်လို့မရတဲ့ဟာတွေ မပြန်ခိုင်းဘူး။ ပြန်လို့ရတဲ့ဟာတွေ ပြန်ခိုင်းတာ။ တစ်ယောက်စ နှစ်ယောက်စ ငါးယောက်စဆို ဌာနဆိုင်ရာတွေက သူတို့ကို အလုပ်တစ်ခုလုပ်ပြီး လုပ်နေရလို့ အဲဒါကြောင့်မို့သာ အဲဒီစခန်းတွေကို ပိတ်ခိုင်းတာပါ"
အောက်တိုဘာလကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုက္ခသည်စခန်းတွေကို အကြောင်းကြားစာ တစ်စောင်ပေးပို့ခဲ့ပြီး အဲဒီစာထဲမှာ နေရပ်စွန့်ခွာလာသူတွေအနေနဲ့ နိုဝင်ဘာလ၂ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့နဲ့ စခန်းတွေကို ပိတ်သိမ်းသွားမှာဖြစ်တဲ့အပြင် ရိက္ခာ၊ ငွေကြေးနဲ့ ထောက်ပံ့မှုတွေ ရပ်ဆိုင်း သွားမယ်လို့ ရေးသားထားကြောင်း စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် လာသူ ၆၀၀၀ ကျော်ရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၃၀ ကျော် ဖွင့်လှစ်ထားခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့ပေါ်မှာ ဒုက္ခသည်စခန်းတစ်ခုသာရှိတော့ပြီး ခိုလှုံသူဦးရေ ၄၀၀ ကျော်သာ ကျန်ရှိတော့ တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောပါတယ်။
စစ်တွေမြို့က ဒုက္ခသည်တွေထဲမှာ နေရပ်ပြန်ကြသူတွေရှိသလို မောင်တောမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေ ကို ပြောင်းရွှေ့သွားကြတာတွေလည်း ရှိတယ်လို့ပြောပါတယ်။
စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းမှာ ကျန်ရှိနေသူတွေကို အစိုးရက ဆန်၊ ဆီ၊ စားနပ်ရိက္ခာနဲ့ နေစဉ်ထောက်ပံ့ကြေး ပေးအပ်နေသလို ပြန်လိုသူတွေကိုလည်း လမ်းစားရိတ်နဲ့ ထောက်ပံ့ကြေးငွေ ပေးတာတွေရှိနေဆဲဖြစ်တယ်လို့ ဦးတင်လတ်က ပြောပါတယ်။