မောင်တောကနေ ထွက်ပြေးလာသူ ၅၀၀ နီးပါး စစ်တွေမြို့ရောက်ရှိ


2016.10.16
maungtaw-refugees-620.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ရတနာ့ဗိမာန် ဘုန်းကြီးကျောင်းမှာ တွေ့ရစဉ်
Photo: ရခိုင်ဂေဇက်/ Facebook

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေမြို့ကို ထွက်ပြေးလာသူ ဒုက္ခသည် ၅၀၀ နီးပါးရှိနေပြီ လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

အခုရောက်နေတဲ့ ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစုပါဝင်ပြီး လက်ရှိ အခြေအနေအရ တိမ်းရှောင်လာသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

"ဒီနေ့ ညနေကျရင်တော့ သင်္ဘောဝင်မလားမသိဘူး။ သင်္ဘောဝင်ရင် တိုးနိုင်တယ်။ အမျိုးသားတွေ ကတော့နည်းတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေဗျ။ အမျိုးသားတွေကတော့ ရွာတွေမှာ ကျန်တာ ပေါ့နော်။ သူတို့တွေ အမျိုးသမီးတွေကိုပဲ ဒီကိုပို့ထားတာ။ ဒီဘက်က လုသွားတဲ့ လက်နက်တွေဘာတွေ ပြန်ရပြီး ရှင်းသွားရင်ပြန်ကြမှာပေ့ါ"

လက်ရှိ စစ်တွေမြို့ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ရတနာ့ဗိမာန် ဘုန်းကြီးကျောင်းနဲ့ သုဒ္ဓိဇေယျ သိမ်တော် မှာ နေရာချပေးထားပြီး ဆန်၊ ဆီစတဲ့ အခြေခံစားသောက်ကုန်တွေ နဲ့ ခြင်ထောင်၊ အိပ်ယာခင်းတွေကို ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ ပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲဌာနချုပ်နဲ့ ရဲစခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ပြီး လက်နက်နဲ့ ကျည်တွေ ယူဆောင်သွားခဲ့ပါတယ်။

မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကို တပ်မတော်က စစ်ဆင်ရေးနယ်မြေအဖြစ်ကြေညာပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ရာမှာ အကြမ်းဖက် သမားတွေက ခုခံတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မနေ့က မောင်တောမြို့နယ် လိပ်အိုင်ရွာမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ ပြီး တိုက်ခိုက်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို အသေဖမ်းမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။