မောင်တောကနေ ထွက်ပြေးလာသူ ၃ ထောင်နီးပါးရှိ
2016.10.19

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို တိမ်းရှောင် လာသူ ၃ ထောင် နီးပါးရှိနေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့အပြင် ရွာတွေမှာ ကျန်နေခဲ့သူတွေအတွက် ကိုပါ ထောက်ပံ့ပေးနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဘက်ကတော့ တဲတန်းလျားတွေ ဆောက်ပေးနေတာရှိတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ ပံ့ပိုးပေးနေတာရှိတယ်။ နောက် ဘူးသီးတောင်၊ မောင်တော ဘက်မှာဆိုရင် လည်း ရွာတွေမှာ ကျန်နေတဲ့ သူတွေအတွက်ပါ ပံ့ပိုးပေးနေတာရှိတယ်။ ဆီတွေ၊ ဆန်တွေ၊ ငါးခြောက်တွေ ပို့ပေးနေတာရှိတယ်။ ရခိုင်ပြည်က ဖောင်ဒေးရှင်း၊ ဗမာပြည်က ဖောင်ဒေးရှင်းတွေ အကုန်လုံးကလည်း လာပြီးတော့ ပံ့ပိုးလှူဒါန်းတာတွေရှိတယ်" လို့ ဦးမင်းအောင် က ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မနေ့က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တွေမြို့မှာ တစ်ထောင်ကျော်ရှိပြီး ဘူးသီးတောင်နဲ့ မောင်တော မြို့တွေမှာ တစ်ထောင် နီးပါးစီ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီလိုထွက်ပြေးလာသူတွေထဲမှာ ကျောင်းနေအရွယ် ကလေးတွေ အများစု ပါဝင်တဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံရမယ့် အချိန်ကြာမြင့်လာမယ်ဆိုရင် စခန်းတွေမှာပဲ ပညာသင်ကြား နိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ ဝန်ကြီးဦးမင်းအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ရဲစခန်းတွေကနေ လက်နက်နဲ့ ကျည်ဆံတွေ လုယူသွားတဲ့ အကြမ်းဖက်သမားတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး ဒေသခံတွေ က စိုးရိမ်ထိတ်လန့်နေကြတဲ့အတွက် မောင်တောမြို့ပေါ်နဲ့ ဘူးသီးတောင်နဲ့ စစ်တွေမြို့တွေဆီ ထွက်ပြေးကြ တာဖြစ်ပါတယ်။
လက်ရှိမှာ အကြမ်းဖက်သမား ၂၉ ယောက်ကို ဖမ်းမိထားပြီး အယောက် ၃၀ ကို အသေမိထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။