မောင်တောမှာ ကျောင်းထက်ဝက်ကျော် ပိတ်ထားရဆဲ
2017.11.17
အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ပိတ်ထားရတဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့ နယ်တွေက စာသင်ကျောင်း ၁၂၆ ကျောင်းသာ ပြန်ဖွင့်နိုင်ပြီး ၂၉၈ ကျောင်းကတော့ ပြန်ဖွင့်ပေးဖို့ ကျန်သေးတယ် လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ရွာသားတွေထွက်ပြေးကြပြီး ပြန်မလာကြသေးတဲ့အတွက် စာသင်ကျောင်းတွေ မဖွင့်နိုင်သေးတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။
"ရွာသားတွေ ထွက်ပြေးကြတယ်လေ သိတယ်မဟုတ်လား။ ရွာသားတွေ ထွက်ပြေးကြတော့ လူတွေ မရှိရင် ကျောင်းဖွင့်လို့မှ မဖြစ်တာ။ လုံခြုံမှုထက် လူမရှိတော့လို့ပါ။ ကျောင်းက လူတွေရှိမှ ကျောင်းဖွင့်လို့ ရတာကိုး။ ပြန်လည်လက်ခံပြီး ဘာညာအနေအထား အေးအေးဆေးဆေးဖြစ်မှ ကျောင်းတွေ ပြန်ဖွင့်ရ မှာပေါ့နော်။"
ကျောင်းသားတွေကလည်း ပဋိပက္ခဖြစ်ပွားတုန်းက ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ရင်း နီးစပ်ရာကျောင်းတွေ မှာ စာသင်ခွင့်ရခဲ့ကြသလို လက်ရှိအချိန်မှာလည်း ရပ်ရွာကိုပြန်ရောက်ပြီး စာသင်ကြားနေပြီလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းပေါင်း ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရပါတယ်။
မောင်တောမြို့နယ်မှာ ပိတ်ထားရတဲ့ ကျောင်းပေါင်း ၁၈၃ ကျောင်းကနေ ၄၁ ကျောင်း၊ ဘူးသီးတောင်မြို့ မှာ ကျောင်းပေါင်း ၂၂၁ ကျောင်းကနေ ၇၅ ကျောင်း၊ ရသေ့တောင်မြို့မှာ ကျောင်းပေါင်း ၂၀ ကနေ ၁၀ ကျောင်းကို ပြန်ဖွင့်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့ဲတဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်ဆလင်ဘာသာဝင် အများအပြားဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတာပါ။
ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်နဲ့ ဟိန္ဒူ ဘာသာဝင် အများစုဟာ ရခိုင်ပြည်နယ်တွင်းက စစ်တွေ ၊ မောင်တော၊ ဘူးသီးတောင်၊ စတဲ့ မြို့ပေါ်တွေကို ထွက်ပြေး တိမ်းရှောင်နေခဲ့ပြီး မွတ်စလင်အများစုနဲ့ ဟိန္ဒူဘာသာဝင် ငါးရာ လောက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ မွတ်စလင်ဦးရေ ခြောက်သိန်းကျော်ရှိတယ်လို့ နိုင်ငံတကာ သတင်းတွေအရ သိရပါတယ်။