အကြမ်းဖက်အဖွဲ့ အကာလ်မူလ် မူဂျာဟစ်ဒင်န်က လုပ်ဆောင်နေ
2017.08.06

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို RSO အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ Aqa Mul Mujahidin ( အကာလ်မူလ် မူဂျာဟစ်ဒင်န်) အဖွဲ့က လုပ်ဆောင်နေတာဖြစ်ကြောင်း ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အငြိမ်းစား ရဲချုပ် ဦးဇော်ဝင်းက ပြောပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဒီနေ့ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းရေးကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ အငြိမ်းစား ရဲချုပ် ဦးဇော်ဝင်းက အခုလိုပြောပါတယ်။
"ပြည်ပနဲ့ဆက်စပ်မှုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီမှာဦးဆောင်သွားတဲ့ အဖွဲ့အစည်းကလည်း ကျနော်တို့တင်ပြထားတဲ့အတိုင်းပါပဲ နောက်ဆုံး သူတို့ရဲ့ကြေညာချက်အရဆိုရင်တော့ ( Arakan Rohingya Salvation Army- ARSA ) ဆိုပြီးတော့ အဓိက ကြေညာသွားပါတယ်။ ဒီမှာခေါင်းဆောင် တဲ့သူကလည်း ဟာဗစ်တူဟာရ် ဖြစ်တယ်။ သူဟာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ရွာသား တစ်ဦးဖြစ်သော်လည်းပဲ တကယ်သူကြီးပြင်းခဲ့တဲ့နေရာကတော့ ပြည်ပမှာကြီးပြင်းခဲ့တာဖြစ် ပါတယ်၊ ကျောက်ပြင်ဆိပ်ရွာသားဖြစ်တယ် ။ ဆော်ဒီမှာနေထိုင်ခဲ့ပြီးတော့ ပါကစ္စတန်တို့၊ ဘင်္ဂလားဒေ့ရှ်တို့မှာ စစ်သွေးကြွလက်နက်ကိုင်တို့ထဲမှာ စစ်ရေးပညာတွေသင်ကြားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်"
အကာလ်မူလ် မူဂျာဟစ်ဒင်န် အဖွဲ့ကို ဦးဆောင်တဲ့သူကတော့ မောင်တောမြို့နယ် ကျောက်ပြင်ဆပ် ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တစ်ဦးဖြစ် တဲ့ ဟာဗစ်တူဟာရ်ခေါ် အာပူဟာမတ်ဇူးလူးနီ ဖြစ်တယ် လို့ ကော်မရှင်ရဲ့အစီရင်ခံစာမှာပါရှိပါတယ်။
အဲဒီအဖွဲ့ကို အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ( Arakan Rohingya Salvation Army- ARSA ) လို့ ပြောင်းလဲခေါ်ဝေါ်ကြောင်းကိုလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် မောင်တောဒေသအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တဖက်နိုင်ငံကို ထွက်ပြေးတဲ့ လူဦးရေဟာ ၂၀၁၂ ခုနှစ် လူ့အသိုက်အဝန်းနှစ်ခုအကြား ပဋိပက္ခဖြစ်စဉ်ကာလက ထွက်ပြေးတဲ့ လူဦးရေထက် ပိုများနေတာတွေ့ ရှိရကြောင်းနဲ့ ဘာကြောင့် ပိုများနေသလဲဆိုတာကတော့ သီးခြားသုံးသပ်ရမယ့်ကိစ္စဖြစ်နေတယ်လို့ပြောထား ပါတယ်။
သို့သော်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေပြောတဲ့ အရေအတွက်လောက်မရှိတာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် မောင်တောဒေသကို စစ်အုပ်ချုပ်ရေးနဲ့ စီမံကွပ်ကွဲဖို့ နိုင်ငံရေး ပါတီတချို့က တောင်းဆိုနေကြသလို မလိုအပ်ကြောင်း ၊ တကယ်တမ်း မောင်တောဒေသကို ရေရှည် တည်ငြိမ်ဖွံ့ဖြိုးစေလိုတယ်ဆိုရင် ဘက်ပေါင်းစုံက စီမံဖို့လိုအပ်ပြီး စစ်အုပ်ချုပ်ရေး နည်းလမ်းတစ်ခုထဲနဲ့ ဖြေရှင်းလို့ မရကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးအောင်ကြည်က သတင်းထောက်တွေ ကို ပြောပါတယ်။
ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ် မောင်းတောဒေသ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ အချက် ၄၈ ချက်ပါတဲ့ အစီရင်ခံစာ ကို နိုင်ငံတော် သမ္မတထံကို တင်ပြထားပြီး အဲဒီအကြံပြုချက်တွေကို လက်တွေ့အကောင်အထည်ဖော်မယ့် အဆင့်မြင့်ကော်မတီတစ်ခုကို အစိုးရက ဖွဲ့စည်းတာဝန်ပေးအပ် သင့်ကြောင်းလဲ တိုက်တွန်းထားပါတယ်။