မောင်တောမြို့ကို ဖျက်ဆီးဖို့ ကြံစည်နေကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်
2017.08.28

အစွန်းရောက် အကြမ်းဖက်သမားတွေဟာ မောင်တောမြို့ကို စနစ်တကျ ဖျက်ဆီးဖို့ ကြံစည် လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်သမားတွေဟာ အစိုးရကင်းစခန်းတွေကို လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲတာ၊ ပစ်ခတ်တိုက်ခိုက် တာ၊ ကျေးရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ် လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မောင်တောမြို့ဟာ အစိုးရ ဌာနဆိုင်ရာ ရုံးတွေ အခြေစိုက်တဲ့ မြို့ဖြစ်ပြီး၊ အကြမ်းဖက်သမားတွေဟာ ဆူပူအကြမ်းဖက်မှုတွေ ပိုမိုကြီးကျယ်လာစေဖို့ ရည်ရွယ်ချက်နဲ့ သူတို့နေ အိမ်တွေကို ကိုယ်တိုင်မီးရှို့ပြီး လက်လုပ်ဗုံးတွေကိုပါ ထားရှိခဲ့တာလို့ ဆိုပါတယ်။
AFP သတင်းဌာနက ဒီကနေ့ သတင်းဖော်ပြရာမှာ မြန်မာအစိုးရတပ်ဟာ ရခိုင်အစွန်းရောက် အဖွဲ့တွေကို ပါ ခေါ်ဆောင်လာပြီး ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ARSA အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ အင်တာနက်လူမှု စာမျက်နှာတွေမှာ ရေးသားထားတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်ကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့ အကြမ်းဖက်မှုအားလုံးကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ အပြစ်မဲ့တဲ့လူတွေကို အကာအကွယ်ပေးဖို့ မေတ္တာရပ် ခံကြောင်း ပြောပါတယ်။
"ပဋိပက္ခထဲမှာမပါတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်းဆိုတာ လုံးဝ အကြမ်းဖက်မှုမြောက် ပါတယ်။ အဲဒီတော့ အကြမ်းဖက်မှုမှန်သမျှ အားလုံးကို လေးလေးနက်နက်နဲ့ အပြင်းအထန် ရှုတ်ချပါတယ်။ ကျနော်တို့ အကြံပြုချက်ထဲမှာ ပြဿနာဖြေရှင်းရေးအတွက် ပြောထားတာရှိပါတယ်။ အဲဒီအတိုင်း အကောင်အထည် အမြန်ဆုံးဖော်ဖို့လိုပြီလို့ ထင်ပါတယ်"
ဒါ့ပြင် အစ္စလာမ်ဘာသာဝင်တွေရော မြန်မာတိုင်းရင်းသားအားလုံးကပါ အပြစ်မဲ့သူတွေကို ကယ်တင်ဖို့၊ အကြမ်းဖက်သတ်ဖြတ်သူတွေကို ရှုတ်ချဖို့လည်း ဦးအေးလွင်က တိုက်တွန်းလိုက်ပါတယ်။