ပညာရေးဝန်ထမ်း ၄ ဦးနဲ့ အရပ်သားတစ်ဦး ဖမ်းဆီးခံရ


2017.12.16
inndinn-high-school-622.jpg မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာက အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ကျောင်းကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း ၄ ဦးနဲ့ အရပ်သား ၁ ဦး မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ဒီနေ့ ပြောပါတယ်။

မနေ့က ဖမ်းခံရတဲ့ ၃ ယောက်က မောင်တောမြို့နယ် ရဲစခန်းမှာ ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့မနက် ၁၀ နာရီ လောက်က ဖမ်းခံရတဲ့ နောက်ထပ် ၂ ယောက်ကတော့ ဘယ်မှာရှိနေလဲဆိုတာ မသိရသေးဘူးလို့  ဦးမောင်အုန်း က ပြောပါတယ်။

"၁၅ ရက်နေ့က တစ်ယောက်ဖမ်းတယ်၊ နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းတာကတော့ အလယ် သံကျော် စရဖ က နောက် ၂ ယောက် ဦးထွန်းအေးနဲ့ ဦးထွန်းထွန်းနိုင် ကို သူတို့ကကျောင်းဆရာ၊ ည ၁၂ နာရီခွဲ၊ ၁၆ ရက်နေ့ပေါ့ဗျာ၊ အင်းဒင်က လုံခြုံရေးအဖွဲ့တွေ အုပ်ချုပ်ရေးမှူး အကူအညီနဲ့ ဖမ်းသွား တယ်၊ ပြီးတော့ ဒီနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ နောက်ထပ် ၂ ယောက်ဖမ်းတယ်၊ သူတို့ ၂ ယောက်ကိုတော့ ဘယ်ခေါ်သွားမှန်းမသိဘူး၊ ဟို ၃ ယောက်ကတော့ မနေ့က စစ်ဆေးပြီးတော့ အခု ရဲစခန်းထဲရောက်နေပြီ၊ ကျနော်တို့နဲ့တော့ တွေ့ခွင့်မပေးသေးဘူး၊ စစ်ဆေးဆဲမို့လို့ မပြီးသေးဘူး ဆိုပြီးတော့ တွေ့ခွင့်မပေးဘူး"

အင်းဒင်ကျေးရွာ လက်ထောက်ပညာရေးမှူးတစ်ယောက်နဲ့ ခွဆုံကျေးရွာ ကျောင်းအုပ်ဆရာတစ်ယောက်တို့ကို ဒီနေ့မနက်ပိုင်းမှာ ထပ်မံဖမ်းဆီးသွားတာဖြစ်ပြီး မနေ့ကဖမ်းခံရတဲ့အထဲမှာ ကျောင်းဆရာ ၂ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီဖမ်းဆီစစ်ဆေးနေတာနဲ့ပတ်သက်ပြီး မောင်တောမြို့နယ်ရဲစခန်းမှူးကို ဦးမောင်အုန်း က မေးမြန်းရာမှာ စစ်ဆေးမေးမြန်းနေဆဲဖြစ်တာကြောင့် မပြောနိုင်သေးကြောင်း ပြောတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ်ရဲစခန်းကို RFA က မေးမြန်းဖို့အတွက် ဆက်သွယ်ရာမှာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် မောင်တောမြို့နယ်ပညာရေးမှူးရုံးထံ ဆက်သွယ်ရာမှာ ပညာရေးဝန်ထမ်းတွေကို ဘာကြောင့် ခေါ်ယူ စစ်ဆေးနေလဲဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။