မောင်တောအကြမ်းဖက်မှုမှာ လူပေါင်း ၂၃၀ ကျော်ကို ဖမ်းမိ ထားကြောင်း တပ်မတော်သတင်း ထုတ်ပြန်
2016.11.15

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမား ၆၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီး ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မနေ့က အကြမ်းဖက်သမားတွေ မီးရှို့ထွက်ပြေးတာကြောင့် ကျေးရွာပေါင်း ၆ ရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးတဲ့ ပုံစံမျိုးဖြစ်စေဖို့ ဖန်တီးလုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဝါးပိတ်၊ ကြက်ရိုးပြင်၊ ငါးခူရ၊ မြင်းလွတ်၊ ဒါးကြီးစား၊ ဂွဆုံ၊ ပွင့်ဖြူချောင်း စတဲ့ကျေးရွာတွေမှာ နေအိမ်နဲ့ အဆောက်အဦးပေါင်း ၂၇၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲပေါင်း ၉ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ်အထိ ရှိခဲ့တယ်လို့ ပါရှိပါတယ်။
ဖမ်းဆီးရမိသူ ၂၃၀ ကျော်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံလွှဲပြောင်းစစ်ဆေးခဲ့ပြီး အဲဒီအထဲက ၂၉ ဦးကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့သလို သက်ဆိုင်ခြင်းမရှိတဲ့ ၂၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေအတွင်း တပ်မတော်ဘက်က စစ်ကြောင်းမှူးအပါအဝင် အရာရှိနဲ့ စစ်သည် ၇ ဦး သေဆုံးခဲ့ရသလို အရာရှိနဲ့စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ရသလို ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။