မောင်တောမှာ စိတ်ကြွဆေးပြား ငါးသိန်းခွဲကျော် ဖမ်းမိ
2017.11.22

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လေးမိုင်နဲ့ ဇူလရွာအနီးက တောင်ကြောတစ်နေရာက ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းတစ်ထောင့်တစ်ရာကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ငါးသိန်းခွဲကျော်ကို ရဲတပ်ဖွဲ့က မနေ့က သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီနေရာကနေတဆင့် မူးယစ်ဆေးဝါးတွေကို သယ်ယူတာ၊ သိုဝှက်တာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေအရ ပိတ်ဆို့ရှာဖွေရာမှာတွေ့ရှိခဲ့တာလို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦး ကပြောပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေကို ခြုံတောထဲမှာ ဆာလာအိတ်တွေနဲ့ ထုပ်ပိုးသိုဝှက်ထားတာကို တွေ့ရှိခဲ့တာဖြစ်ပြီး တရားခံကိုတော့ ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်တယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့၊ မြို့မရပ်ကွက်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ကွမ်းယာ/ကုန်စုံဆိုင်ကနေ WY ဆေးပြား သုံးသိန်းနီးပါးကို ဖမ်းဆီးရမိခဲ့သလို အဲဒီနေ့မှာပဲ မြို့မအရှေ့ရပ်ကွက် ဂိုဒေါင်တစ်ခုကနေ WY ဆေးပြား ခြောက်သိန်း ရှစ်သောင်းကျော်ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
မောင်တောဒေသဟာ ရခိုင်ပြည်နယ်မှာ WY မူးယစ်ဆေးဝါး ပမာဏအများဆုံး ဖမ်းဆီးရမိတဲ့ ဒေသတစ်ခုဖြစ်ပြီး အဲဒီမူးယစ်ဆေးဝါးတွေကို မောင်တောဒေသကနေတဆင့် တဘက်နိုင်ငံကို ပို့ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။