ကယားပြည်နယ် မော်ချီး သတ္တုတွင်းဒေသမြေပြိုမှု ၁၇ ဦးထက်မနည်း သေဆုံး

2015.10.13
mawche-landslide-620.jpg ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ မြေပြိုကျတဲ့နေရာတစ်ခုကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: MOI

ကယားပြည်နယ် ဖာဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်းဒေသမှာ မိုးကြီးပြီး မြေပြိုကျမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိကြောင်း အစိုးရပိုင်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

အဲ့ဒီနေရာမှာ လူတွေနေထိုင်ဖို့ မသင့်တော့ကြောင်း၊ ခဲသတ္တုတွေတူးထားတဲ့ မြေအောက်မှာ တွင်း၊ ဂလိုင်တွေရှိနေပြီး မိုးဆက်များနေရင် မြေပြိုတာတွေ ဆက်ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်ပေးနေတဲ့ ကရင်နီလူငယ်များသမဂ္ဂအဖွဲ့က ကိုကျော်ထင်အောင်က ပြောပါတယ်။

"တောင်တွေရဲ့ ဘေးပန်းကနေ သူတို့ကခဲကြောအလိုက်ကို တူးတာဖြစ်တဲ့အတွက် အခုလူနေထိုင်တဲ့ ရွာတွေအောက်နားမှာကိုပဲ အိမ်တွေရဲ့မြေအောက် ၁ဝ ပေလောက်မှာကိုပဲ ခဲကြောလမ်းကြောင်းတွေ အရ လေးငါးလမ်းကြောင်း ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို လမ်းကြောင်းတွေရဲ့ အကျယ်တွေက ၆ ပေ ပတ်လည် ၇ ပေ ပတ်လည်လောက်အထိကို ရှိတာတွေရှိပါတယ်ခင်ဗျ၊ အဲ့လိုမျိုးဆိုတော့ တချို့ ၆ ပေ ၄ ပေ လောက်ကို လူတစ်ကိုယ်စာ နှစ်ကိုယ်စာ ဝင်လို့ရအောင် ဂလိုင်တွေအဖြစ်နဲ့ ကြွက်တွင်းလိုမျိုးတွေ တူးထားကြတာဖြစ်တဲ့အတွက် ဂလိုင်လမ်းကြောင်းဝတွေ အများကြီးဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ကိုတော့ တကယ်တမ်းကတော့ မနေထိုင်သင့်တော့တဲ့ အနေအထားလို့ပဲ သုံးသပ်ရမှာပါခင်ဗျ"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့က မိုးကြီးခဲ့ရာ နောက်တစ်နေ့ ညနေကစပြီး မြေပြိုကျတာတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့အထိ မိုးရွာနေဆဲဖြစ်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတချို့နဲ့ ဒေသခံတချို့တို့က ဘောလခဲနဲ့ လွိုင်ကော်မြို့တွေဆီ ပြောင်းရွှေ့လာကြတယ်လို့ သိရပါတယ်။

မော်ချီးဒေသမှာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွတ်တင် ပိုင်ဆိုင်တဲ့ ရဲထွတ်ကျော်ကုမ္ပဏီက မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကနေ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကတည်းက ခဲသတ္တုတူးဖော်ဖို့ လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီကုမ္ပဏီမှာ ဒေသခံတွေအပါအဝင် နယ်ဒေသအသီးသီးကနေ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း တစ်သောင်းနီးပါးလောက် ရှိတယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ လွိုင်ကော်မြို့က မခိုင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။