မော်ချီးဒေသမှာ လူတွေနေသင့် မနေသင့် ပညာရှင်တွေနဲ့ တိုင်ပင်မည်


2015.10.14
mawche-refugees-620.jpg ကယားပြည်နယ် မော်ချီးဒေသမှာ မြေပြိုတာကြောင့် လိုခါးလိုဘုရားကျောင်းမှာ ခိုလှုံနေရတဲ့ ဒေသခံတွေကို အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Taw Thi Kho Poe Facebook

ကယားပြည်နယ် ဖာဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်းဒေသကို ပညာရှင်တွေနဲ့ စမ်းသပ်ပြီး ဒေသခံတွေ ဆက်လက် နေသင့် မနေသင့် ဆုံးဖြတ်သွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

လက်ရှိမှာ မြေပြိုကျမှုကြောင့် မနေ့ကအထိ လူ ၁၇ ဦး သေဆုံးခဲ့ကာ ဒေသခံဒုက္ခသည် တစ်ထောင်ကျော်လောက်ကို ကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ကာ ယာယီနေထိုင်ခွင့်ပြုထားပြီး နောက်ထပ်ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပဲလို့ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းယုရှိန်က ပြောပါတယ်။

"မော်ချီးဒေသက ဒေသခံပြည်သူတွေကို အထက မော်ချီးမှာ ၃၅၉ ယောက်ရှိပါတယ်၊ စီမံကိန်းဆေးရုံမှာ ၁၃ဝ ရှိပါတယ်၊ လိုခါးလိုဘုရားကျောင်းမှာ ၄ဝ၂ ယောက်ရှိပါတယ်၊ လိုခါးလိုအမကမှာ ၂၂၅ ယောက် ရှိပါတယ်၊ ယူကော်ခိုမှာ ၇ဝ၃ ယောက်ရှိပါတယ်၊ ယူကော်ခိုအောက်ကရွာမှာ ၂၁ဝ ရှိပါတယ် စုစုပေါင်း ၁၃၈၉ ယောက်ရှိပါတယ်၊ အစိုးရအဖွဲ့တွေနဲ့ ပူပေါင်းပြီးတော့ သူတို့တွေအတွက် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ငါးသေတ္တာပေါ့နော် အဲဒါတွေနဲ့ ချက်ပြုတ်ကျွေးမွေးနေပါတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က မိုးကြီးခဲ့ရာကနေ နောက်တစ်နေ့ ညနေပိုင်းကစပြီး သတ္တုတူးဖော်နေ တဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြေပြိုကျပြီး ရွာတွေပျက်စီးခဲ့တာပါ။

မော်ချီးသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ကျောက်ပန်းတောင်း၊ တောင်ငူ၊ မိတ္ထီလာ စတဲ့နယ်ဒေသတွေကနေ လာရောက်လုပ်ကိုင်ကြသူတွေလည်းရှိကြရာမှာ သူတို့ကိုလည်း နေရပ်ဒေသအသီးသီးဆီ ပြန်ပို့နေပြီလို့ ပြောပါ တယ်။

မော်ချီးဒေသမှာ အဓိက သတ္တုတူးဖေါ်ရေးလုပ်နေတာ ရဲထွတ်ကျော်ကုမ္ပဏီဖြစ်ပြီး အဲဒီကုမ္ပဏီကို ပိုင်ဆိုင်တာ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦရဲထွတ်တင်ဖြစ်တယ်လို့ ကရင်နီလူငယ်များသမဂ္ဂအဖွဲ့က ပြော ပါတယ်။

သတ္တုတူးဖော်နေတဲ့အတွက် မြေအောက်တွင်း၊ ဂလိုင်တွေကြောင့် မိုးကြီးတဲ့အခါ ခံနိုင်ရည်မရှိတော့ဘဲ မြေပြို တာတွေများတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။