ကယားပြည်နယ် မော်ချီး မှာ မြေပြိုလို့ ၇ ဦးသေဆုံး
2015.10.12

ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးကြီးပြီး မြေပြိုကျတာကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ၈ ဦး ပျောက်ဆုံးနေသလို ကယ်ဆယ်ရေးစခန်း ၂ ခုမှာ လူ ၅၀၀ လောက် ခိုလှုံနေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကတည်းက မိုးကြီးခဲ့တာကြောင့် မနေ့ ညနေပိုင်းလောက်က ခဲသတ္တု တူးဖော်တဲ့ တောင်ပေါ်က လေးအိမ်စုတန်းရွာနဲ့ ဇီးပင်ကွင်းရွာတွေကနေ စတင်မြေပြိုကျလာတာဖြစ်ကြောင်း ကရင်နီလူငယ်များသမဂ္ဂအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကိုကျော်ထင်အောင်က ပြောပါတယ်။
"တောင်ပေါ်ရွာရဲ့အပေါ်က တောင်စောင်းကနေ တစ်ရက်ကျော်ကျော်ရွာတဲ့မိုးကြောင့် မြေပြိုမှုကနေစတင် ပြီးတော့ လေးအိမ်စုတန်းဘက်က အိမ် ၁ဝ လုံးကျော် ထိခိုက်တဲ့အနေအထားကနေ ဆင့်ကဲပြီးတော့မှ အိမ် ၃ဝ လောက် ထပ်မံထိခိုက်မှုတွေရှိတယ်၊ ဒီပြိုတဲ့အရှိန်နဲ့ အလေးချိန်ကြောင့်မို့ တောင်အောက်မှာရှိနေတဲ့ ခဲတူးထားတဲ့ဂလိုင်က မြေပြိုမှုတွေပါ ထပ်မံပေါ်ပေါက်ပြီး အခြေအနေဆိုးဝါးသွားတာကို ကျနော်တို့သိရှိရပါတယ်"
အနီးနားတစ်ဝိုက်က ရတနာအောင်မြေရွာက လူတွေလည်း အိမ်တွေမှာ မနေရဲကြတော့တဲ့အတွက် တောင်အောက် မှာရှိတဲ့ လိုခါးလိုရွာက ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ ခိုလှုံနေကြ တာ ဖြစ်ပါတယ်။
မြေပြိုကျတဲ့အတွက် အိမ်အလုံး ၃၀ ထက်မနည်း ပျက်စီးသွားကာ ခဲသတ္တုတူးဖော်တဲ့ မြေဂလိုင်တွေ များတာကြောင့် မြေပြိုကျရတာလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ကယားပြည်နယ်အစိုးရက ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေပြီး ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။
မော်ချီးဒေသမှာ လက်ရှိ GSM၊ CDMA ဖုန်းလိုင်းတွေလည်း အလုပ်မလုပ်တော့ဘဲ ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်နေပါတယ်။
မြေပြိုမှု နောက်ဆုံးအခြေအနေတွေနဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးချွန်ဟာရဲကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
မြေပြိုမှုနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်များသမဂ္ဂအဖွဲ့ အလုပ်အမှုဆောင် ကိုကျော်ထင်အောင် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။