မောက်မယ်မြို့နယ်မှာ လေပြင်းကြောင့်ပျက်စီးသွားတဲ့ ဒုက္ခသည်စခန်း အကူအညီလိုနေ

2022.04.15
မောက်မယ်မြို့နယ်မှာ လေပြင်းကြောင့်ပျက်စီးသွားတဲ့ ဒုက္ခသည်စခန်း အကူအညီလိုနေ လေပြင်းတိုက်ပြီးနောက် ပျက်စီးသွားသည့် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးရွာက စစ်ဘေးဒုက္ခသည် စခန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: KhamHti Radio

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ထဲက ကဒူးကြီးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းအချို့ ဧပြီလ ၁၄ ရက် မနေ့က မိုးရွာပြီး လေပြင်းတိုက်ခတ် ခံရတာကြောင့် ပျက်စီးသွားပြီး အသစ်ပြန်ဆောက်ဖို့ အရေးပေါ် အကူအညီလိုနေတယ်လို့ အဲဒီစခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

ဝါး၊ တာလပတ်တွေနဲ့ ဆောက်ထားတာကြောင့် လေပြင်းတိုက်ချိန်မှာ အမိုးနဲ့ အကာတွေ ပျက်စီးသွားပြီး နေစရာမရှိတော့ဘူးလို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မမယ်ရီက RFA ကို ပြောပါတယ်။

"အခုက ကျမတို့ ကဒူးကြီးရွာထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ နေနေပါတယ်။ အရေးပေါ် ပြောင်းထားရတာပေါ့။ လေရော၊ မိုးရောကြမ်းတော့ လှူပေးထားတဲ့ စောင်တွေ၊ ခြင်ထောင်တွေ အကုန်စိုရွှဲကုန်တယ်၊။ အခင်းတွေရော၊ အမိုးတွေရော လေနဲ့အတူ ပါကုန်တယ်။ အသစ်ပြန်ဆောက်ဖို့ကတော့ အလှူရှင် ရှာရဦးမှာပါ"

ကဒူးကြီး စစ်ဘေးဒုက္ခသည်စခန်းမှာ လက်ရှိ အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၁၂၀ နီးပါး နေထိုင်နေပြီး ဒီနေ့အချိန်အထိ ရာသီဥတုက မကောင်းသေးဘူးလို့လည်း ဆိုပါတယ်။

အဲဒီ စစ်ဘေးဒုက္ခသည်စခန်းဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထိန်းချုပ်နယ်မြေမှာရှိပြီး ကယားပြည်နယ် လွိုင်ကော်ဘက်က စစ်ဘေးဒုက္ခသည်တွေ အများဆုံးလာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လွိုင်ကော်မြို့ပေါ်က ဒေသခံ သုံးပုံနှစ်ပုံကျော်ဟာ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်နဲ့ မောက်မယ် စတဲ့ မြို့တွေကို ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။