ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ဝင်တွေ မန္တလေးမှာ ဆန္ဒပြ
2014.12.15
ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားတာကို မကျေနပ်တဲ့အတွက် MDCF အဖွဲ့ဝင်တွေက အောင်မြေသာစံမြို့နယ်တရားရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုကို ဖော်ထုတ်ပေးဖို့ မန္တလေးမြို့မှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းဆန္ဒပြရာမှာ ပါဝင်ခြင်းမရှိခဲ့ဘဲ တရားစွဲခံရတဲ့အတွက် အခုလိုဆန္ဒပြတာဖြစ်တယ်လို့ MDCF အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။
"ကျနော်အမှုရင်ဆိုင်နေရတဲ့အခါမှာ တရားသူကြီးကလည်း တရားစွဲထားတဲ့ ရဲအဖွဲ့မှူးဖက်ကနေ ဘက်လိုက်တဲ့အနေအထားတွေရှိတယ်ပေါ့၊ ယနေ့အချိန်အထိ ဘာအမိန့်မှ မချရသေးတဲ့အတွက် ကျနော် တရားခံမဟုတ်ပါဘူး၊ ကျနော်စွပ်စွဲခံရသူဖြစ်တဲ့အတွက် တရားသူကြီး အလိုမရှိဘူးဆိုပြီး ကျနော် ဆန္ဒပြရခြင်းဖြစ်ပါတယ်"
ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့က မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ မန္တလေးကျုံးထောင့်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့က ဆန္ဒပြပွဲမစတင်ခင် အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းမှူးက ကိုသိန်းအောင်မြင့်ကို ခေါ်ယူမေးမြန်းခဲ့ပြီး ဆန္ဒပြပွဲပြီးမှ ရဲစခန်းကနေ ပြန်လွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၂၈ ရက်နေ့မှာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းမှူးက တရားလိုလုပ်ပြီး မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်ပြီး မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေတာ ၈ ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။