ကင်ဆာရောဂါ သတိပြုဖို့ မန္တလေးဝန်ကြီးချုပ် ဆောင်းပါးရေး တိုက်တွန်း
2020.05.11
ကင်ဆာကြောင့် သေဆုံးရတဲ့ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်လွှား သေဆုံးမှုတွေထက် ပိုများနေတယ်လို့ ကိုယ်တိုင် ကင်ဆာရောဂါကို အံတုနေရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဆောင်းပါးတစ်ပုဒ်မှာ ရေးထားပါတယ်။
ကင်ဆာရောဂါသည်တွေအနေနဲ့ ရောဂါဖြစ်ပြီဆိုတာကိုသိတာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင် ထားသင့်တယ်လို့ အညာသားဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားထားတဲ့ မန္တလေးနေ့စဉ် သတင်းစာ ဆောင်းပါးမှာ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဆောင်းပါးထဲမှာတော့ ကမ္ဘာ့ ကင်ဆာရောဂါဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းခန့် ဟာ အာရှမှာ ရှိနေကြောင်း၊ သူ့အနေနဲ့ သွေးကင်ဆာရောဂါဖြစ်ပြီဆိုတာကို သိလိုက်ရတော့ သင့်တော်တဲ့ ကုထုံးနဲ့ ကုသခံယူဖို့ ပြင်ဆင်ခဲ့ကြောင်း၊ စတဲ့အချက်တွေ ပါဝင်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေတဲ့ မန္တလေးနေ့စဉ်သတင်းစာမှာ အခုလ ၈ ရက်နေ့က ဖော်ပြခဲ့တာပါ။
မိတ်ဆွေတွေက အားပေးကြကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံက တရားမှတ်ဖို့ ပြောခဲ့သလို၊ ဆေးဒဏ်ကို အလူးအလဲ ခံရချိန်မှာ Viber Massage ပို့ပြီး အားပေးခဲ့ကြောင်း၊ ဒီလိုအားပေးမှုတွေမရှိရင် ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်က ရေးထားပါတယ်။
ဝန်ကြီးချုပ် ဟာ သွေးကင်ဆာရောဂါကို ထိုင်းနိုင်ငံမှာ ကုသမှု ခံယူနေတာပါ။
၂ဝ၁၈ ခုနှစ် စစ်တမ်းများအရဆိုရင် မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားမှု (၆၉၅၅၄) ဦး ရှိခဲ့ပြီး (၅၁ဝ၅၉) ဦး သေဆုံးခဲ့တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ ပေါများမှန်း၊ ကင်ဆာဆေးသွင်းသူတွေများမှန်း ဆေးရုံကြီးရောက်မှ မျက်ဝါး ထင်ထင် မြင်ခဲ့ရတယ်ဆိုတဲ့ ဝန်ကြီးချုပ်က မန္တလေးမှာ လိုအပ်တဲ့ ကင်ဆာကုဆေးရုံတစ်ခု ပေါ်ပေါက်လာရေး အတွက် နိုင်ငံတော် သမ္မတကို တောင်းဆိုခဲ့ပါတယ်လို့လည်း ဆောင်းပါးထဲမှာ ဖော်ပြခဲ့ပါတယ်။
ရန်ကုန်မြို့က ထင်ရှားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဖြိုးသီဟက အသီးအနှံတွေ၊ အစားစာတွေမှာ တာရှည်ခံဆေး၊ ဆိုးဆေး အသုံးပြုထည့်ကြတာကို မြန်မာနိုင်ငံမှာ အများအပြား တွေ့နိုင်ပြီး ဒါတွေကို ကြာရှည် စားသုံးရင် ကင်ဆာဖြစ်ပွားတတ်ပေမယ့် လူအများစု ရှောင်ဖို့ခက်နေတယ်လို့ ထောက်ပြပါတယ်။
“ကင်ဆာတို့ သွေးတိုး၊ ဆီးချို့တို့ဟာ မကူးစက်နိုင်တဲ့ရောဂါဖြစ်ပေမယ့် အန္တရာယ် တော်တော်ပေးတဲ့ ရောဂါပေါ့၊ ဒါကနိုင်ငံအတွက် ကြီးမားတဲ့ ကျန်းမာရေး ဝန်ထုတ်ဝန်ပိုးလို့ ပြောလို့ရတယ်။ လူနေမှုပုံစံနဲ့လည်း အများကြီး ဆက်စပ်ပတ်သက်မှုရှိတယ်"
ကျန်းမားရေးနဲ့ လိုက်လျောညီထွေဖြစ်မယ့် နေထိုင်မှုက အရေးကြီးကြောင်း ဒေါက်တာ ဖြိုးသီဟက အချက် သုံးချက် နဲ့ ရှင်းလင်းပြောပါတယ်။
“စားသောက်နေထိုင်မှုတွေ ပြောင်းရမယ်။ အကင်တွေ အများကြီးစားတာက လူတစ်ယောက်ကို ကင်ဆာ ဖြစ်စေဖို့ ပိုပြီးတွန်းအားပေးစေတယ်။ ဒုတိယအချက်က နေထိုင်ရတဲ့ ပတ်ဝန်းကျင် ပိုကောင်းလာဖို့၊ လူတွေက ဗိုက်ဝရုံ စားနေရတယ်။ တကယ်တော့ ဗိုက်ဝရုံတင်မကဘူး၊ အဟာရပြည့်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လည်း လိုတယ်။ တတိယတစ်ခုကတော့ စောစောသိအောင် လုပ်နိုင်ဖို့လိုတယ်။ စောစီး သိရင် ကုသရတာ လွယ်တယ်၊ အခုက မဖြစ်တော့ဘူးဆိုမှ ဆေးရုံရောက်လာတော့ ကုသရတာ ခက်တယ်၊ အသက်သေဆုံးမှုများတယ်”
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများအနေအနေနဲ့လည်း ကြိုးပမ်းလုပ်ကိုင် နေကြပေမယ့် ဝန်နဲ့အားမမျှတဲ့ အခြေနေဖြစ်နေသေးတယ်လို့ ဒေါက်တာ ဖြိုးသီဟက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဆောင်းပါးထဲမှာလည်း ကင်ဆာဖြစ်ပြီဆိုရင် မိသားစုနဲ့ အရင်တိုင်ပင်ဖို့၊ ကုန်ကျစရိတ်ကို စဉ်းစားထားဖို့၊ အရောင်ပါတဲ့အသီး အရွက်တွေစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာမျိုးတွေ အကြံပေးထားပါတယ်။
မြန်မာအမျိုးသားတွေမှာဆိုရင် အဆုတ်နဲ့ လေပြွန်ကင်ဆာဖြစ်ပွားမှုက ၁၆.၆ ရာခိုင်နှုန်း၊ ပါးစပ်နဲ့ အာခေါင် ကင်ဆာ ၁၂.၉ ရာခိုင်နှုန်း၊ အသည်းကင်ဆာ ၁၂.၅ ရာခိုင် နှုန်း၊ အစာအိမ်ကင်ဆာ ၁၁.၃ ရာခိုင်နှုန်း၊ အစာမျိုရေမျို ကင်ဆာ ၈.၉ ရာခိုင်နှုန်း၊ အခြားကင်ဆာက ၃၇.၉ ရာခိုင်နှုန်း ရှိတယ်လို့ ဝန်ကြီးချုပ် ရေးသားထားတဲ့ ကိုယ့်ဘဝ ကိုယ်ပြင်၊ ရင်ဆိုင် ရုန်းကန်ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အမျိုုးသမီးတွေကတော့ အဆုန်လေပြွန်ကင်ဆာက ၁၃.၈ ရာခိုင်နှုန်း၊ သားအိမ်ခေါင်းကင်ဆာ ၁၂.၇ ရာခိုင်နှုန်း၊ ရင်သားကင်ဆာ ၁၁.၈ ရာခိုင်နှုန်း၊ အစာအိမ်ကင်ဆာ ၇.၂ ရာခိုင်နှုန်း၊ အသည်းကင်ဆာ ၆.၀ ရာခိုင်နှုန်းနဲ့ အခြားကင်ဆာဖြစ်ပွားမှုကတော့ ၄၈.၅ ရာခိုင်နှုန်းရှိတယ်လို့ ဝန်ကြီးချုပ်က သတိပေးပါတယ်။
ကင်ဆာရောဂါဖြစ်ပွားမှုဟာ စိုးရိမ်စရာအခြေအနေဖြစ်နေတာကြောင့် ဥပဒေနဲ့အညီ ထိရောက်စွာ ကာကွယ်နိုင်ဖို့ ဆိုတဲ့ အဆိုကို ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက် နေ့က အတည်ပြုထားပါတယ်။
ဝင်ငွေအသင့်အတင့်ရှိတဲ့နိုင်ငံ၊ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေမှာ ကင်ဆာရောဂါကာကွယ်စောင့်ရှောက်ရေးကို အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်တဲ့အတွက် နောင်လာမယ့်နှစ်ပေါင်း ၂၀ ဆိုရင် ကင်ဆာ ရောဂါဖြစ်ပွားမှုဟာ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။