မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နေထိုင်သွားလာမှု စည်းကမ်း တင်းကျပ်
2020.04.05
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လိုက်နာဖို့ အချက် ခြောက်ချက်ပါဝင်တဲ့ တားမြစ်ချက်ကို တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၇ ရက်နေ့က စပြီး မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ဟိုတယ်၊ မိုတယ်တွေ၊ အဝတ်အထည်ဆိုင်တွေ၊ ခရီးသည်တင် ယာဉ်လိုင်းတွေ၊ ဘုရားဖူးယာဉ်တွေကို ဝင်ထွက်သွားလာခွင့် ပိတ်ထားရမှာဖြစ်ပြီး မလိုက်နာရင် အရေးယူသွားမယ် လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ပိတ်ထားမယ့် အချိန်ဟာ ၁၄ ရက်ကြာမြင့်မှာဖြစ်ပြီး ဧပြီ ၂၁ ရက်နေ့ည အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ပေးနေတဲ့ ရွှေစင်စက်ြာယာဉ်လိုင်း တာဝန်ခံ ဦးကျော်မင်းက ဒေသန္တရအမိန့်ဖြစ်တဲ့အတွက် လိုက်နာမယ်လို့ ပြောပါတယ်။
“ကားဝန်းထဲမှာ ဝင်ထွက်ခွင့်မရှိတော့ဘူး၊ ခရီးသည်တွေ ဝင်ထွက်ခွင့်မရှိတော့ဘူး၊ ဂိတ်စောင့်ဝန်ထမ်းတွေ လည်း စာရင်းကောက်တယ်။ ပိုပြီးနေထိုင်ခွင့်မရှိဘူး၊ ပိုနေရင် အရေးယူခြင်းခံရမယ်"
ခြွင်းချက်အနေနဲ့ကတော့ အိမ်စီးကားတွေဆိုရင် ယာဉ်မောင်းအပါအဝင် ခုနှစ်ဦးထက်မပိုရင် သွားလာခွင့်ရမှာ ဖြစ်သလို ကုန်စည်စီးဆင်းမှု မထိခိုက်စေဖို့အတွက်လည်း ကုန်တင်ယာဉ်တွေကို ဝင်ထွက်သွားလာခွင့်ပေးထားမှာ ဖြစ်ပါတယ်။
ဆေးရုံတွေ၊ လျှပ်စစ်လုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဆီဆိုင်တွေ၊ ဘဏ်တွေလို မရှိမဖြစ် ဆိုင်တွေကတော့ ဖွင့်ခွင့်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။
“ကျန်းမာမှသာ သွားလာခွင့်ပြုပါမယ်၊ အဓိပ္ပာယ်က ဗိုင်းရပ် ကူးစက်တာကို ထိန်းချုပ်ချင်တာ၊ သင်္ကြန်မှာ အိမ်မှာနေရမယ်။ အဲဒါနဲ့ပေါင်းစပ်ပြီး အကန့်သတ်နဲ့ကူးလာတာကို ကန့်သတ်ပြီး ဗိုင်းရပ်စ်ကို ကာကွယ် ချင်တာ"
ဖွင့်လှစ်ခွင့်ပေးထားတဲ့ လုပ်ငန်းတွေ မဖွင့်ဘူးဆိုရင် အရေးယူမယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
မန္တလေးမြို့ဒေသခံ ဦးစန်းယုကျော်က ကန့်သတ်ချက်တွေကြောင့် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို အခုလိုပြောပြပါတယ်။
“အရေးပေါ်ကြုံလာရင် ဘယ်သူ့ကို ခွင့်ပြုချက်တောင်းရမလဲဆိုတာတွေ ဆက်သွယ်ရမှာတွေ ထုတ်ပြန်သင့် တယ်။ သယ်ယူပို့ဆောင်ရေး ပိတ်တယ်ပြောတယ်။ ရထားတွေ၊ လေယာဉ်တွေမပါတော့ ခွင့်ပြုမယ့်သဘော ရှိတယ်။ ရထားက စီးရတာ အန္တရာယ်အရမ်းများတယ်။ ကားပိတ်ရင် ရထားဘက်မှာသွားပုံမယ်၊ ဒီအတွက် မန္တလေးအစိုးရအနေနဲ့ ပြည်ထောင်စု အစိုးရနဲ့ပူးပေါင်းပြီး ဘယ်လိုစီစဉ်ထားလဲဆိုတာ မေးခွန်းထုတ် ချင်တယ်။"
ချမ်းမြသာစည်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကတော့ အခုလက်ရှိ စီစဉ်နေတာတွေဟာ ပြည်သူတွေ ထိန့်လန့်မှုမရှိအောင် တစ်ဆင့်ချင်းသွားနေတာလို့ ယူဆကြောင်းပြောပါတယ်။
“ပြည်သူတွေအတွက် စနစ်တကျနဲ့ ဆောင်ရွက်နေတာပါ။"
မန္တလေးတိုင်းနည်းတူ ရှမ်းပြည်နယ်မှာလည်း ဧပြီ ၇ ရက်နေ့ကစပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နား ထားဖို့၊ စားသောက်ကုန်နဲ့ ဆေးဝါး၊ ဆေးပစ္စည်း၊ စက်သုံးဆီတွေ မပြတ်လပ်စေဖို့အတွက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။