မန္တလေးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဆယ်ဦးထက်မနည်း ဒဏ်ရာရ

2021.07.16
မန္တလေးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဆယ်ဦးထက်မနည်း ဒဏ်ရာရ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က လျှပ်စစ်မီတာရုံးမှာ ၂၀၂၁ ဇူလိုင် ၁၆ ရက်နေ့က ဗုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိသူထဲက တစ်ဦးကို ဆေးရုံပို့ဆောင်ကြစဉ်
Photo: CJ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က လျှပ်စစ်မီတာရုံးမှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ရုံးဝန်ထမ်းအချို့နဲ့ မီတာလာဆောင်သူ စုစုပေါင်း ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ တယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒဏ်ရာ ရရှိသူတွေထဲက အမျိုးသားတစ်ယောက်ကိုတော့ ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတစ်ခုက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူတွေက ရုံးဝန်ထမ်းတွေရော၊ မီတာလာဆောင်တဲ့ သူတွေရောပါတယ်။ သေဆုံး ရှိ၊ မရှိကတော့ အခုထိ မသိရသေးဘူး။ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံးကြီး ပို့တယ်။ အခုတော့ ရဲတွေ၊ စစ်သားတွေ ရောက်နေကြတယ်“

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗုံးပစ်သွားတာ ဘယ်သူတွေလဲဆိုတာတော့ မသိကြဘူးလို့ မန္တလေးမြို့က ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့မှာ လျှပ်စစ်မီတာ ကောက်ခံသူတစ်ယောက် သေနတ်နဲ့ ပစ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

အလားတူ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏ(မင်းဒင်)အနီးမှာ ဒီနေ့ ဇူလိုင် ၁၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်၊ ဒဏ်ရာရရှိမှု အခြေအနေကို မသိနိုင်သေးပေမယ့် ပေါက်ကွဲသံကျယ်ကြီး ပေါ်ထွက်ခဲ့တယ်လို့ ဒေသခံတစ်‌ယောက်က ပြောပြပါတယ်။

ဒီပေါက်ကွဲမှုဖြစ်ရာ လျှပ်စစ်ရုံးဟာ သုဝဏ္ဏ(၂၅) ရပ်ကွက်၊ သံသုမာလမ်းပေါ်က မင်းဒင်မှတ်တိုင်အနီးမှာ တည်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မီတာခအတင်းအကျပ်ကောက်ခံပြီး မီတာမဆောင်သူတချို့ကို မီးဖြတ်တာတွေလုပ်ခဲ့ပြီးနောက် အခုလို EPC ရုံးတွေ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။