ပါမောက္ခချုပ်ကို အရေးယူဖို့ မန္တလေးကျောင်းသားတချို့ တောင်းဆို

ခေမဏီဝင်း
2020.01.14
mdy-food-court-622.jpg မန္တလေးတက္ကသိုလ်က စားသောက်ဆိုင်တန်းအဆောက်အအုံ ဆောက်လုပ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ၂၀၂၀ ဇန်နဝါရီ ၁၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khaymani Win‎/RFA

မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ပညာရေးဝန်ကြီးဌာနကို ကျောင်သားတွေက ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ၆ ရက်မြောက် ရှိနေပြီဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်အတွင်းမှာ မြေဧရိယာ ၅၅ ပေ၊ ပေ ၁၄၀ ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ ပုဂ္ဂလိကပိုင် Food Court စားသောက်ဆိုင်တည်ဆောက်မှုမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တွေက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း Oriental House လို့ အမည်ပေးထားတဲ့ Food Court စားသောက်ဆိုင် တည်ဆောက်ဖို့ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာမှာ အချိန် သုံးလခန့်ကြာမြင့်လာပေမယ့် ရလဒ်ကို အခုအချိန်ထိ မထုတ်ပြန်သေးတာကြောင့် ထပ်မံဆန္ဒပြတောင်းဆိုတာလို့ ကျောင်းသားတွေက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေက နိုင်ငံတော်သမ္မတ ညွန်ကြားချက်နဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေး တက္ကသိုလ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန အချိန်ဆွဲပြီး ဘက်လိုက်တဲ့ ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတတဲ့ အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး ဆိုတဲ့အချက်တွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။