မန္တလေးတက္ကသိုလ်မှာ စားသောက်ဆိုင်တန်း ဖွင့်တာကို ကျောင်းသားတွေဆန္ဒပြ

ခေမဏီဝင်း
2020.01.09

မန္တလေးတက္ကသိုလ်အတွင်းမှာ မြေဧရိယာ  ၅၅ ပေ၊ ပေ ၁၄၀ ကိုအသုံးပြုပြီး တည်ဆောက်ထားတဲ့ ပုဂ္ဂလိကပိုင် Food Court စားသောက်ဆိုင်တည်ဆောက်မှုမှာ ပွင့်လင်းမြင်သာမှုမရှိခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုရလဒ်ကို အမြန်ဆုံးချပြပေးဖို့ ဒီကနေ့ မန္တလေး  တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က သပိတ်မှောက်ခဲ့ကြတာပါ။

Oriental House လို့ အမည်ပေးထားတဲ့  စားသောက်ဆိုင် တည်ဆောက်ခဲ့တာကို တင်ဒါခေါ်ယူခြင်းမရှိဘဲ တည်ဆောက်ခွင့်ပြုခဲ့တဲ့ တက္ကသိုလ်ပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ဆိုပြီး ကျောင်းသားတွေဘက်က နိုင်ငံတော်သမ္မတအပါဝင် သက်ဆိုင်ရာကို တင်ပြခဲ့ပါတယ်။

ဒါကြောင့် အဲဒီကိစ္စကို ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးကိုယ်တိုင်ဦးဆောင်တဲ့ အဖွဲ့က စစ်ဆေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာမှာ အချိန် သုံးလခန့် ကြာမြင့်လာပေမဲ့ ရလဒ်ကို အခုအချိန်ထိထုတ်ပြန်မပေးသေးတာကြောင့် တောင်းဆိုနေတာဖြစ်လို့ သပိတ်မှာပါဝင်တဲ့ ကျောင်းသားတွေကပြောပါတယ်။

တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလက စတင်တောင်းဆိုပြီး သပိတ်မှောက်ခဲ့တာ ဖြစ်ကာ စာမေးပွဲတွင်းကာလမှာတော့ ရပ်နားထားခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ သပိတ်မှောက်တာကို ပြန်လည်စတင်လိုက်တာ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ က  ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုရလဒ် ဘယ်နေ့ဘယ်ရက် ထုတ်ပေးမယ်ဆိုတာ တိကျတဲ့အဖြေ မရမချင်း  သပိတ်မှောက် တိုက်ပွဲဝင်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒုတိယဥက္ကဋ္ဌ (၁) ကိုဇေမင်းထွဋ်အောင်က ပြောပါတယ်။

“ဒီကာလအတွင်းမှာ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ရလဒ်အနေနဲ့ ထုတ်ပြန်ပေးခြင်းလည်း မရှိပါဘူး၊ ထုတ်ပြန်ပေးဖို့ လစဉ်လတိုင်း ဝန်ကြီးကိုစာပို့ပြီး တောင်းဆိုတယ်။ အကြောင်းပြန်ခြင်းလည်းမရှိပါဘူး”

မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကျောင်းသားရေးရာတာဝန်ခံ မနန်းသင်းမြတ်စုအောင် က

“ဝန်ကြီးအနေနဲ့ ပထမအကြိမ်၊ ဒုတိယအကြိမ်စစ်ဆေးတယ်။ စစ်ဆေးမှုက သုံးလတောင်ရှိနေပြီဆိုတော့ ဘက်လိုက်နေတယ်လို့မြင်တယ်။ ရလဒ်အမြန်ထုတ်ပေးမှသာ ကျောင်းသူ၊  ကျောင်းသားတွေ စာသင်ကြားရေး မထိခိုက်မှာဖြစ်လို့ အမြန်ဆုံး လာရောက် ဖြေရှင်းပေးစေချင်တယ် ” လို့‌ပြောပါတယ်။

မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခ ဒေါက်တာတင်ထွန်းအောင် က သူတို့အနေနဲ့လည်း  စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အဖြေကို စောင့်မျှော်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အားလုံးက ကိုယ့်ခံစားမှုနဲ့ ကိုယ်ရှိကြတာပဲ၊ အဲဒါကြောင့် နှောင့်နှေးတာတွေ၊ မြန်တာတွေ မသိဘူး၊ ဆရာတို့ကလည်း ဆရာတို့ အလုပ်လုပ်နေကြတာပဲ ”

ဒီကနေ့ကျောင်းသားတွေက အခုလို ဆန္ဒထုတ်ဖော်မှုမလုပ်ခင် ကျောင်းသားသမဂ္ဂရုံးခန်းကို ကျောင်း တာဝန်ရှိသူအချို့ လာရောက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ တောင်းဆိုဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နဲ့ တည်ဆဲ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံးအရေးယူပေးရေး ၊ မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန  အချိန်ဆွဲပြီး ဘက်လိုက်တဲ့ ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတတဲ့  အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး ဆိုတဲ့ အချက်တွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။