ဂေါက်ကွင်း ကယ်ဒီတွေ ဆန္ဒပြ
2016.07.05

မန္တလေးမြို့ ရွှေမန်းတောင်ဂေါက်ကွင်း လုပ်သားတွေက အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုပေးဖို့ နဲ့ တရားဝင် အလုပ်သမားအဖြစ် ခန့်အပ်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဂေါက်ကွင်းမန်နေဂျာတွေက အလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်မပေးတဲ့အတွက် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဂေါက်ကွင်း လုပ်သား ဦးသောင်းတင်ဝင်း က ပြောပါတယ်။
"ကျနော်တို့ အိမ်သာသန့်ရှင်းရေးတွေ၊ ဂေါက်ကွင်းတွင်း ပျက်ဆီးသွားတဲ့ ရေပိုက်တွေကို သက်ဆိုင် တဲ့ ရေပိုက်ပြင်သမားကိုခေါ်မခိုင်းဘဲနဲ့ ကျနော်တို့ ကယ်ရီအလုပ်သမားတွေကို ခေါ်ပြီးခိုင်းတယ်၊ ခိုင်းပြီးတော့ အခကြေးငွေမပေးဘူး၊ ကျနော်တို့ ဂေါက်ထမ်းတဲ့ အလှည့်ကျသွားနေတဲ့ ကယ်ရီလေးတွေ မှာ ပုံမှန်မလိုက်ရတော့ဘဲ တစ်ရက်မှာ တစ်ကြိမ်၊ အမျိုးသမီးတွေဆိုရင် ၅ ရက်မှာ တစ်ကြိမ်ပဲလိုက် ရတော့တယ်၊ ၅ ရက် တစ်ကြိမ်လိုက်မှ ၅ ထောင်ရတယ်၊ ဒီ ၅ ရက်ကို ၅ ထောင်နဲ့ ဒီမိသားစုဘယ်လို စားမလဲ၊ ဒီလိုရပိုင်ခွင့်တွေဆုံးရှုံးနေတယ်၊ ဒါတွေကို အထက်က မန်နေဂျာတွေက ဥပက္ခာပြုနေတယ်"
ကယ်ဒီလို့ခေါ်တဲ့ ဂေါက်အိတ်သယ်လုပ်သား ၂၀၀ လောက်က လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အလုပ်သမား အခွင့်အရေးတွေရရှိဖို့၊ ဖိနှိပ်ခံအလုပ်သမားတွေ အကာအကွယ်ရရှိဖို့၊ ဂေါက်ကွင်းလုပ်သားတွေ ဘဝအာမခံချက် ရရှိဖို့၊ အလုပ်ရှင် အလုပ်သမား နှစ်ဘက်သဘောတူစာချုပ် EC ချုပ်ဆိုပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ကုမ္ပဏီဘက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရဲ့ ညွှန်ကြားမှုအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရွှေမန်းတောင်ဂေါက်ကလပ် အထွေထွေမန်နေဂျာ ဦးမျိုးသန့် က ပြောပါတယ်။
"တောင်းဆိုထားတာတွေနဲ့ ပတ်သက်လို့ ကျနော်တို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာပဲ အလုပ်သမားညှိနှိုင်းဆောင်ရွက်ပေးပြီးသားလည်းဖြစ်ပါတယ်၊ သူတို့တောင်းဆိုချက် ၅ ချက်ကိုလည်း ကျနော်တို့ရှင်းလင်းပြီးသားဖြစ်ပါတယ်၊ လိုက်လျောတာကိုလည်း လိုက်လျောတယ်၊ တချို့လိုအပ်တာတွေ လည်းဖြည့်စွက်တယ်၊ ဒီဆန္ဒထုတ်ဖော်ပွဲနဲ့ ပတ်သက်လို့ သူတို့ဆန္ဒဖြစ်နေလို့ ကျနော်အနေနဲ့ အထူးပြောကြားစရာမရှိပါဘူး"
မန္တလေးတောင်ခြေက ဧက ၁၀၀ ကျယ်ဝန်းတဲ့ ရွှေမန်းတောင်ဂေါက်ကွင်းကို Best Stallion ကုမ္ပဏီလီမီတက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။
တရားဝင်အလုပ်သမား မဟုတ်တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်တဲ့အခါ တခြားအလုပ်သမားတွေကို ၃ လစာ ပေးခြင်းမရှိသလို အသက် ၅၀ကျော် လုပ်သားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ရွှေမန်းတောင်ဂေါက်ကွင်းမှာ အမြဲတန်းဝန်ထမ်း ၁၀၀ လောက်နဲ့ ဂေါက်အိတ်သယ်တဲ့ ဝန်ထမ်း ၂၀၀ ကျော်ရှိ ပါတယ်။ အဲ့ဒီဂေါက်အိတ်သယ်ဝန်ထမ်းတွေဟာ ကုမ္ပဏီဘက်က လစာပေးပြီး ခန့်အပ်ထားတာမဟုတ် ဘဲ ဂေါက်လာရိုက်သူတွေက လုပ်အားခ ပေးတာဖြစ်ပါတယ်။