သတင်းထောက် မျိုးမြင့်စံ ကွယ်လွန်


2016.08.09
myuhnget-620.jpg ကွယ်လွန်သွားပြီဖြစ်တဲ့ မန္တလေးမြို့က Messenger ဂျာနယ်သတင်းထောက် ကိုမျိုးမြင့်စံ (ခေါ်) စာရေးဆရာ မြူငှက်ကို တွေ့ရစဉ်
Photo: Myu Hnget/ Facebook

မန္တလေးမြို့က Messenger ဂျာနယ်သတင်းထောက်  ကိုမျိုးမြင့်စံ (ခေါ်) စာရေးဆရာ မြူငှက် ဟာ မန္တလေးပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသဌာနမှာ  ဒီကနေ့ နေ့လည် ၁ နာရီ ၃ဝ က ကွယ်လွန်သွားခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့ ညက  ၆၈ လမ်းနဲ့ လမ်း ၃ဝ ထောင့်မှာ သူစီးလာတဲ့ဆိုင်ကယ် ကို ကားတစ်စီးက ဝင်ရောက်တိုက်မိရာကနေ ဦးခေါင်းဒဏ်ရာရခဲ့တာပါ။ ဒီသေဆုံးမှုဟာ မတော်တဆမှုဖြစ်ပြီး ဒီလိုအဖြစ်မျိုး မန္တလေးမြို့ မှာ မကြာမကြာ ဖြစ်ပွားနေပါတယ်လို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရင်တော့ သာမန်မတော်တဆမှုပါပဲဗျ၊ သူညပိုင်းမှာပြန်လာတယ်၊ ပြန်လာတဲ့ အခါမှာ လမ်း ၃၀နဲ့ ၆၈ လမ်းထောင့်မှာ သူ့ကိုကားက ဝင်တိုက်တာပါ၊ သူကဆိုင်ကယ်နဲ့ အဓိကပြဿနာ ကတော့ သူကဆိုင်ကယ်စီးဦးထုပ် မဆောင်းတာရယ်၊ ဟိုဘက်က ကားကအရှိန်ပြင်းတာရယ်ကြောင့်ဖြစ် သွားတာပါ၊ ဒီလိုအမှုတွေကတော့ မန္တလေးဆေးရုံကြီးမှာမကြာမကြာဖြစ်နေကြပါ၊ သူကတော့ သတင်းထောက်လည်းဖြစ်တယ်၊ လူချစ်လူခင်လည်းများတော့ လူငယ်လည်းဖြစ်တယ်ဆိုတော့ အုပ်အော်သောင်း နင်းဖြစ်သွားတယ်လို့ ကျနော်ထင်ပါတယ်၊ တိုက်သွားတဲ့ကားက မသေချာသေးပါဘူး၊ ကျနော်တို့ကြားရတဲ့ သတင်းတွေအရကတော့ တိုက်သွားတဲ့ယာဉ်မောင်းကိုယ်တိုင်က ယာဉ်အမှုစစ်မှာ သူကိုယ်တိုင်သွားပြီး ဝန်ခံထားတယ်လို့တော့သိရတယ်၊ အဲ့ဒါကတော့ မသေချာသေးပါဘူး၊ ကျနော်တို့ လည်း ကြားရတာပဲရှိ ပါသေးတယ်"

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကိုမျိုးမြင့်စံဟာ စလင်းမြို့နယ် သရက်တော ကျေးရွာက  အငြိမ်းစား အထက်တန်းပြ ဆရာ ဦးတင်လှနဲ့ ဒေါ်လှ  တို့ရဲ့သား ဖြစ်ပြီး သူ့ရဲ့ ဈာပနကို မနက်ဖြန် သြဂုတ်လ ၁၀ ရက် နေ့လည် ၁၂ နာရီမှာ မန္တလေးပြည်သူ့ဆေးရုံကြီး ကနေ တောင်အင်းမြောက်အင်းသုသာန် သို့ ပို့ဆောင် သဂြိုဟ်မယ် လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။