မန္တလေး မင်္ဂလာဈေး လေးနာရီကြာ မီးလောင်


2016.03.23
mdy-fire-620.jpeg မတ်လ ၂၂ ရက်နေ့ညက မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်ခဲ့စဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့မှာ ဒုတိယအကြီးဆုံးဈေးဖြစ်တဲ့ အထပ်လေးထပ်ရှိ မင်္ဂလာဈေးဟာ မနေ့ည ၆ နာရီ နီးပါးလောက်က စလို့ ၁ဝ နာရီလောက်ထိ လောင်ကျွမ်းခဲ့တဲ့အတွက် ဆုံးရှုံးမှုပမာဏကြီးမားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးငြိမ်းဖို့ ကြိုးစားကြသူတွေထဲက ၅ ဦးလောက် ဒဏ်ရာရတယ်လို သိရပါတယ်။

မီးလောင်ဆုံးရှုံးမှုနဲ့ ပတ်သက်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်သွယ်သွယ်စန်းက သူ့အခြေအနေ ကို ပြောပြပါတယ်။

"ကျမတို့ သားအမိနှစ်ယောက် ပိုင်တာကတော့ မြေညီထပ်မှာ ငါးခန်းပေါ့နော်၊ သြင်္ကန်ရက်ဆို ကျမတို့လည်း အကုန်လုံး အထည်တွေရော ရှိစုမဲ့စုအကုန်ပုံအောထားကြတာပါ"

မီးလောင်သွားတဲ့အထဲမှာ ဈေးခန်းတွေအပြင် ဌာနဆိုင်ရာရုံးခန်းတွေ၊ လူနေအိမ်ခန်းတွေလည်း ပါဝင်သွားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်တဲ့သတင်းအရ မြေညီထပ် (ဃ) ရုံကနေ မီးစလောင်တာလို့သိရပြီး၊ မီးသတ်ကားအစီး တစ်ရာကျော်နဲ့ မီးငြိမ်းဖို့ကြိုးပမ်းခဲ့သလို၊ မီးလောင်ချိန် စုစုပေါင်း ၄ နာရီလောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ ဆိုင်ခန်း၊ ပစ္စည်းဆုံးရှုံးမှုပမာဏနဲ့ မီးစလောင်တဲ့ဇာစ်မြစ်ကို မန္တလေး မီးသတ်ဌာနကို မနက် ၂ နာရီကျော်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။

လမ်း ၃၀ နဲ့ ၂၉ လမ်း၊ ၇၂ နဲ့ ၇၃ လမ်းကြားမှာရှိတဲ့ ဒီမင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်က မြို့တော်ဝန် ဗိုလ်မှူးကြီး စိန်ဝင်းအောင် လက်ထက်မှာ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

မင်္ဂလာဈေး မီးလောင်ဆုံးရှုံးမှုနဲ့ ပတ်သက်လို့ မျက်မြင်သက်သေနဲ့ ဆိုင်ခန်းပိုင်ရှင်ရဲ့ ပြောဆိုချက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။