မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုနဲ့ ရဲက တရားစွဲဆို
2014.04.24

မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို နေအိမ် မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး မီးပေါ့ဆမှုနဲ့ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ရဲမှူးက တရားလိုပြုပြီး အမူဖွင့်လိုက်တယ်လို့ မန္တလေးမြို့ အမှတ် (၁) ရဲစခန်းက RFA ကိုပြောပါတယ်။
ပြီးခဲ့ ဧပြီလ ၁၉ရက်နေ့ညပိုင်းက ၆၅လမ်း ၊ ၂၃လမ်းနဲ့ ၂၄လမ်းကြားမှာရှိတဲ့ ဦးရဲမြင့်ရဲ့ နေအိမ်မီးလောင် ကျွမ်းခဲ့ရာမှာ ဆုံးရှုံးမှုတန်ဘိုး ကျပ်ငွေ ၁၁ သိန်းခန့် ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ဦးစီး ဦးရဲမြင့်ကို ဧပြီလ ၂၂ရက်နေ့က အရေးယူတာဖြစ် တယ်လို့ မန္တလေးမြို့ အမှတ် (၁) ရဲစခန်းကတာဝန်မှူး ဒုရဲအုပ်ဇော်မင်းထွန်းကပြောပါတယ်။
"၈၅/၂ဝ၁၄ ပ နံပါတ်က ပြစ်မှုပုဒ်မ ၂၈၅ ဗျ၊ တရားလိုက အောင်မြေသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုလတ်ပါခင်ဗျ၊ အမှုစစ်က ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်း "
အမှတ် (၁) ရဲစခန်းက တာဝန်မှူးပြောသွားတာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မန္တလေးမြို့က တရားရုံးချုပ် ရှေ့နေ ဦးသိန်းသန်းဦးက ခုလိုပြောပါတယ်။
"မီးကိုပေါ့ဆအောင်ပြုလုပ်လို့ လူထုရဲ့ အသက်အိုးအိမ်အန္တရာယ် ရှိစေနိုင်တယ်ဆိုလို့ရှိရင် ချမှတ်ထားတဲ့ပြစ်ဒဏ်ပေါ့ဗျာ၊ ဒီကောင်က ထောင်ဒဏ် ၃ နှစ်အထိ မချမနေဗျ၊ ဒဏ်ငွေလည်းချနိုင်တယ်၊ ကျနော်မြင်တာကတော့ ရဲကအဲဒီလောက် သတ္တိမကောင်းလောက်ဘူးဗျ၊ ရဲဘက်ကသတ္တိရှိရှိနဲ့ ဝန်ကြီးချုပ်လို အာဏာပိုင်အဖွဲ့အစည်းကို တရားစွဲတာ တခါမှမတွေ့ဖူးပါဘူး၊ ဒါကဝန်ကြီးချုပ်ကိုယ်တိုင်က ဥပဒေနဲ့အညီ ဆောင်ရွက်စရာရှိတာဆောင်ရွက်ပါလို့ပြောလို့ တရားစွဲတယ်လို့ ကျနော်ထင်တယ်"
ဒီမီးလောင်မှုဟာ လေးအေးပေးစက်မှာအသုံးပြုတဲ့ Safe guard အပူလွန်ပြီး လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ မီးသတ်အရာရှိတစ်ဦးကလည်း ပြောပါတယ်။
မန္တလေးမြို့ အမှတ် (၁) ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်ဇော်မင်းထွန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။