မန္တလေးမှာ NLD ပါတီဝင်နှစ်ဦးကို သွေးသောက်အဖွဲ့ သတ်ဖြတ်

RFA Burmese
2023.04.06
မန္တလေးမှာ NLD ပါတီဝင်နှစ်ဦးကို သွေးသောက်အဖွဲ့ သတ်ဖြတ် သွေးသောက်အဖွဲ့လည်ဆွဲတံဆိပ်အား တွေ့ရစဉ်။
Citizen Journalist

မန္တလေးမြို့၊ အောင်မြင်သာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက် ၈ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ ဧပြီလ ၆ ရက် ဒီနေ့ မနက်အစောပိုင်းက အသတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အသတ်ခံရသူနှစ်ဦးထဲမှာ တစ်ဦးက NLD ပါတီရဲ့မြို့နယ် အလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး အလောင်းတွေမှာ သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး MDY ဆိုတဲ့ စာတန်းပါ ကတ်ပြားတွေ ချိတ်ဆွဲထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အသတ်ခံရတဲ့ နှစ်ဦးထဲမှာ တစ်ဦးကတော့ NLD ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် တစ်ဦးပါ။ အလောင်းတွေမှာ သွေးသောက်လည်ဆွဲတွေ ဆွဲထားပေးခဲ့ပါတယ်။ သေဆုံးနေတဲ့ သူတို့ အလောင်းတွေမှာတော့ မျက်လုံးတွေ ကျွတ်ထွက်ခါနီးအထိ ထိုးသွင်းနှိပ်စက်ထားတာမျိုး၊ လည်ပင်းပြတ်ရှ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်း တွေမှာ အရေပြားတချို့ပျက်စီးပြီး ရောင်ကိုင်းမဲညိုနေတာ တွေ့ရပါတယ်"

အသတ်ခံရဦး နှစ်ဦးစလုံးဟာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဦးပွားခုံးကျော် တံတားနားမှာ ဓားဒဏ်ရာတွေနဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးအလောင်းကို သွေးသောက်အဖွဲ့စာတန်းပါ လည်ဆွဲကတ်ပြားနဲ့အတူ တွေ့ရှိခဲ့ရပါသေးတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကြားရွာထိပ်မှာလည်း ဧပြီလ ၁ ရက်နေ့က NLD ပါတီဝင်တစ်ဦးရဲ့ အလောင်းကို သွေးသောက် အမည်ခံအဖွဲ့ရဲ့ လည်ဆွဲနဲ့အတူ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးက သွေးသောက်အဖွဲ့ဆိုတဲ့အမည်နဲ့ အဖွဲ့တစ်ခု ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ပေါ်ပေါက်လာတာဖြစ်ပြီး တယ်လီဂရမ်လူမှုကွန်ရက်က ထုတ်ပြန်တဲ့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်တစ်ခုမှာတော့ NLD ပါတီဝင်တွေ၊ ပါတီကို ထောက်ခံသူတွေ၊ PDF အဖွဲ့ဝင်တွေ၊ ဆက်နွှယ်သူတွေကို သတ်ဖြတ်ချေမှုန်းမယ်လို့ ပါရှိပါတယ်။

အဲဒီထုတ်ပြန်ချက်နောက်ပိုင်း အသတ်ခံရသူတချို့ရဲ့ လည်ပင်းတွေမှာ သွေးသောက် အဖွဲ့လို့ ရေးထားတဲ့ ကတ်ပြားတွေကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။