သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကို စစ်ကောင်စီ ပြန်လည် သိမ်းယူ

RFA Burmese
2024.12.05
သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကို စစ်ကောင်စီ ပြန်လည် သိမ်းယူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ ရဲကင်းစခန်းအဝင်မြင်ကွင်း။
Photo: The Kachin Net

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကို စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သလို လေကြောင်းကပါ ပစ်ခတ်တာကြောင့် ဒီဇင်ဘာလ ၄ ရက်နေ့က ဆုတ်ခွာပေးခဲ့တာလို့ PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က RFA ကို ပြောပါတယ်။

"မနေ့က တွင်းငယ်ကနေ ခြေတစ်လှမ်းဆုတ်ခဲ့ရတယ်။ တအာင်းတပ်မတော်နဲ့ ကျွန်မတို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃) တပ်တွေနဲ့ မြေပြင်ထိုးစစ်ထိုးလာတယ်။ ဝေဟင်ကလည်း ဒရုန်းတွေနဲ့ လေယာဉ်တွေ သုံးတာရှိတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက ထိုးစစ်စလာတာ။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်။ ကျွန်မတို့ဘက်ကလည်း အထိအခိုက်တွေရှိတယ်။ ရက်တွေလည်းကြာပြီဆိုတော့ သူတို့ဘက်ကလည်း အင်အားများတယ်ဆိုတော့ နည်းနည်းနောက်ဆုတ်ပေးတာ"

တွင်းငယ်ရွာဟာ အိမ်ခြေတစ်ထောင်ကျော် လူလေးထောင်ကျော်ရှိပြီး အဲဒီဧရိယာထဲမှာပဲ မဟာမိတ်ပူးပေါင်းတပ်တွေ ရှိနေသေးကြောင်းလည်း ပြောပါတယ်။

လက်ရှိ သပိတ်ကျင်းမြို့နယ်ထဲက ခုနစ်မိုင်၊ ကျောက်ကြီးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

တွင်းငယ်ရွာနဲ့ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောထားပါတယ်။

တွင်းငယ်ကို သိမ်းထားတဲ့ သုံးလအတွင်း စစ်ကောင်စီက ပြန်လည်ရရှိဖို့ မြေပြင်ကနေ ထိုးစစ်ဆင်သလို လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ တောက်လျှောက်လုပ်ခဲ့တယ်လို့ ရဲဘော်နီနီကျော်က RFA ကို ပြောပါတယ်။

တွင်းငယ်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်တယ်ဆိုတာနဲ့ လေကြောင်းကနေ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သပိတ်ကျင်းမြို့ကိုတော့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်တိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။