မန္တလေးအိုးဘိုထောင်မှာ အကျဉ်းသူ ၇၀ ကျော်ရိုက်နှက်ခံရ

RFA Burmese
2023.02.12
မန္တလေးအိုးဘိုထောင်မှာ အကျဉ်းသူ ၇၀ ကျော်ရိုက်နှက်ခံရ ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့ တွေ့ရသည့် မန္တလေး၊ အိုးဘိုထောင်မြင်ကွင်း။
Photo: RFA

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖေဖော်ဝါရီ ၁၁ ရက်က နိုင်ငံရေးအကျဉ်းသူ ၇၀ ကျော် ရိုက်နှက်ခဲ့ရပြီး အကျဉ်းသူ ၃၀ ကျော် တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးတွေနဲ့ ထောင်ဝန်ထမ်းတွေက တုတ်၊ လောက်လေးဂွတွေနဲ့ ထုရိုက်ပြီး တချို့ကို တိုက်ပိတ်ထားတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူ တစ်ဦးက RFA ကိုပြောပါတယ်။

"လောက်လေးခွနဲ့လည်း ထုတယ်ဗျာ။ တုတ်တွေနဲ့လည်း ရိုက်တယ်။ ၇၀ ဆယ်ကျော်ကို ၃၀ ကျော်လောက် တိုက်ပိတ်ခံရတယ်။ အဲဒီအထဲမှာ ကျနော်သူငယ်ချင်းတစ်ယောက် လည်း ပါတယ်"

အကျဉ်းသူတွေက ရေနွေးတောင်းတာကို အကျဉ်းထောင်ဝန်ထမ်းတွေက မချေမငံ ပြောဆိုတဲ့ကိစ္စကနေ အခုလို အကျဉ်းသူ အများအပြား ရိုက်နှက်တိုက်ပိတ်ခံရတဲ့အထိ ဖြစ်သွားတာလို့ သူကပြောပါတယ်။

အိုးဘိုထောင်မှာ ရိုက်နှက်တိုက်ပိတ်ခံရသူအားလုံး နိုင်ငံရေးအကျဉ်းသူတွေလို့ သတင်းထွက်နေပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အိုးဘိုထောင်ဖြစ်ရပ်နဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနရဲ့ ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်အထိ ဖမ်းဆီးခံထားရသူ ၁၃,၈၈၄ ဦး ရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၄၃၉ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။