အိုးဘိုထောင်ဆန္ဒပြမှု ၃၈ ဦး တိုက်ပိတ်ခံရကြောင်း သတင်းထွက်
မန္တလေး၊ အိုးဘိုထောင်ထဲမှာ ရှစ်လေးလုံး ၃၃ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ည ၉ နာရီလောက်က ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၃၈ ဦးဟာ တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင် ဝန်ထမ်းအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီနေ့ညကဖြစ်ခဲ့တဲ့ အိုးဘိုထောင်တွင်းဆန္ဒပြပွဲကို အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံထားရတဲ့ လူငယ်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေထားတဲ့ အဆောင်အမှတ် (၃) ကနေ စတင်ခဲ့တာ ဖြစ်တာကြောင့် တိုက်ပိတ်ခံရတဲ့အထဲမှာ အဲဒီအဆောင်မှာ အကျဉ်းကျနေသူတွေ အများဆုံး ပါဝင်နိုင်တယ် လို့လည်း ဆိုပါတယ်။
အခု အကျဉ်းသား ၃၈ ဦး တိုက်ပိတ်ခံထားရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
သြဂုတ်လ ၈ ရက်နေ့က ဒီဆန္ဒပြမှုနဲ့ ပတ်သက်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက စစ်ဆေးနေသလို အကျဉ်းထောင်ဥပဒေကို ကျုးလွန်ရင်တော့ အရေးယူခံရနိုင်ပြီး မကျူးလွန်ရင်တော့ အရေးယူစရာမရှိဘူးလို့ ဦးချမ်းအေးကျော်က RFA ကို ဩဂုတ်လ ၉ ရက်နေ့က ဖြေဆိုထားပါတယ်။
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ကတော့ စစ်ကောင်စီနဲ့ ထောင်အာဏာပိုင်တွေအနေနဲ့ တိုက်ပိတ်ခံထားရသူတွေကို ခြေကျင်းခတ်တာတွေ အပါအဝင် အခြားသော နှိပ်စက်နည်းမျိုးစုံ ဆက်လက် ပြုလုပ်လာမှာကို စိုးရိမ်တာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီဖို့ကြိုးစားနေတယ်လို့ ပြောပါတယ်။
အိုးဘိုအကျဉ်းထောင်ထဲက အကျဉ်းသားတွေထဲမှာ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုတွေ ရှိနေတာကြောင့် လုံခြုံရေးအပြင် ကျန်းမာရေးကိုပါ စိုးရိမ်နေရတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။