ကိုပါကြီး သတ်ဖြတ်ခံရမှု ဖော်ထုတ်ပေးရေး မန္တလေးမှာ ဆန္ဒပြတောင်းဆို


2014.11.04
pargyi-305.jpg သတင်းထောက် ကိုပါကြီးပုံ
Photo: Par Gyi Facebook

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု ကို ဖော်ထုတ်ပေးဖို့ မန္တလေးမြို့အခြေစိုက် နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်သူတချို့က ဒီနေ့ညနေ ၅ နာရီမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တရားဥပဒေစိုးမိုးရေး၊ မင်းမဲ့စရိုက်ပပျောက်ရေး၊ နိုင်ငံသား အခွင့်အရေးရရှိရေး၊ ကိုပါကြီးအသတ်ခံရ မှု ဖော်ထုတ်ပေးရေး၊ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရေးဆိုတဲ့အချက်တွေကို ဆန္ဒပြသူတွေ က တောင်းဆိုခဲ့ကြပြီး၊ ကိုပါကြီးအတွက် ဝမ်းနည်းဂုဏ် ယူကြောင်းသဝဏ်လွှာကို ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုသိန်းအောင်မြင့်က ဖတ်ကြားခဲ့ပါတယ်။

ဒီဆန္ဒပြပွဲအတွင်း ကိုပါကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်မိနစ်ငြိမ်သက်ခဲ့ကြသလို၊ ကြွေးကြော်သံတွေလည်း တိုင်ခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲအတွက် သက်ဆိုင်ရာကိုအကြောင်းကြားစာပို့ခဲ့ပြီး၊ ခွင့်ပြုမိန့်လည်း ရတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂဝင်တွေနဲ့ ပြည်သူတွေပါဝင်ကြပြီး၊ အနည်းဆုံးလူအင်အား ၄၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့ ရွှေဝါချောင်ကျေးရွာမှာ မြုပ်နှံထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအလောင်းကို ကျိုက်မရောရဲစခန်းက မနက်ဖြန် ပြန်လည်ဖော်ယူစစ်ဆေး မှာဖြစ်တဲ့အတွက် ဒီနေ့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူမသန္တာက ကျိုက်မရောရဲစခန်းက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ကိုပါကြီးအလောင်းကို မှုခင်းဆရာဝန်တွေ၊ တရားသူကြီးတွေနဲ့ သွားရောက်ဖော်ယူတဲ့အခါ လိုက်ပါဖို့သာ ကျိုက်မရောရဲစခန်းက ပြောလိုက်တယ်လို့ မသန္တာက ပြောပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ကျိုက်မရောမြို့နယ်အခြေစိုက် ခလရ ၂၀၈ တပ်မှာ ထိန်းသိမ်းထား စဉ် သေဆုံးသွားတဲ့အတွက် သူ့ရဲ့ဇနီးဖြစ်သူ မသန္တာက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ရက်နေ့က ကျိုက်မရောမြို့မ ရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။