မန္တလေးသပိတ် ဝန်းရံသူသုံးဦး ကားနဲ့တိုက်ခံရ၊ ရန်ကုန်မှာလည်း ပြောက်ကျားနည်းနဲ့ဆန္ဒပြ

မန္တလေးမြို့မှာ ဒီဇင်ဘာ ၈ ရက် ဒီနေ့ မနက်က အရုဏ်ဦးသပိတ်မှာ ဝန်းရံပေးမယ့် လူငယ်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်စီးကားသုံးစီးနဲ့ ဝင်တိုက်ပြီး သေနတ်တွေနဲ့ပါ ပစ်ခတ်ဖမ်းဆီးခဲ့လို့ အမျိုးသမီးတစ်ဦး အဖမ်းခံလိုက်ရပါတယ်။
ချမ်းအေးသာဇံမြို့နယ် ၆၃ လမ်းနဲ့ ၃၅ လမ်းကြား အောင်တော်မူဘုရားအနီးမှာ ဒီနေ့မနက် ငါးနာရီခွဲ လောက်က ဖြစ်ခဲ့တာလို့ မန္တလေး သပိတ်အင်အားစု ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
"၆၂ လမ်း ၂၈ လမ်းထောင့်ကနေ အိမ်စီးကတွေက သူတို့သုံးယောက်ကို လိုက်တိုက်တာ ၆၃ လမ်း လမ်း ၃၀ မှာ ဆိုင်ကယ်ရော လူတွေရော လွှင့်သွားတယ် သူတို့ သေနတ်နဲ့ သုံးချက်ပစ်တယ် တစ် ယောက် ခြေထောက်မှာ ထိသွားတယ် မိန်းကလေးတစ်ယောက်က ဆိုင်ကယ်ပိမိနေလို့ အဖမ်းခံ လိုက်ရတယ် ကျန်နှစ်ယောက်တော့ လွတ်သွားတယ် ’’
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားသုံးစီးပေါ်မှာ အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ထားပြီး အရင်ဆုံး ကားနဲ့တိုက်ကာ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြတာလို့ ပြောပါတယ်။
ဒါ့အပြင် မနက် ၈ နာရီလောက်မှာလည်း သပိတ်မှောက်လူငယ်တွေ နေတဲ့နေရာကို စစ်ကား ၁၀ စီး နဲ့ ဝင်ရောက်စီးနင်းကာ အိမ်ထဲကပစ္စည်းတွေ ဖျက်ဆီးပြီး တစ်ချို့ကိုလည်း ကားပေါ်တင်သွားကာ လူတွေတော့ အဖမ်းခံရတာ မရှိဘူးလို့ ပြောပါတယ်။ ဒီဖြစ်စဉ်ကို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အလားတူ ရန်ကုန်မြို့မှာလည်း ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်စိပ်တိုက် လိုက်လံ နှိမ်နင်းနေတဲ့ကြားက တာမွေမြို့နယ်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူငယ်တွေ စုပေါင်းပြီး ဒီနေ့မနက်က ပြောက်ကျားနည်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြခဲ့ကြတဲ့လူငယ်တွေဟာ လုံးဝအုပ်ချုပ်ခွင့်မရစေရ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး လမ်းလျှောက် ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ရန်ကုန်လူ ထုသပိတ် စစ်ကြောင်းကို စစ်ကားက နောက်ကဝင်တိုက်ကာ သေနတ်နဲ့လည်း ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။