မန္တလေးတိုင်းမှာ ကိုဗစ်အကြောင်းပြပြီး လုံခြုံရေးတင်းကျပ်
2021.08.17
မန္တလေးတိုင်းအတွင်းက မြို့နယ်ငါးခုကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အိမ်မှာပဲနေထိုင်ရေး Stay at Home သတ်မှတ်ချက်အရ သြဂုတ်လ ၁၆ ရက်ကနေ ၂၉ ရက်နေ့အထိ နှစ်ပတ်တာကလအတွင်း နာရီပိုင်းပဲ အပြင်ထွက်ဖို့ စစ်ကောင်စီက အခုလ ၁၄ ရက်နေ့က နိုင်ငံပိုင်သတင်းစာကနေတဆင့် အသိပေး ခဲ့ပါတယ်။
နာရီပိုင်းပဲ အပြင်ထွက်ခွင့်ရှိတယ်လို့ တင်းကျပ်လိုက်တဲ့မြို့နယ်တွေကတော့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေဖြစ်ပါတယ်။
အဲဒီငါးမြို့နယ်မှာ မနက် ၄ နာရီကနေ ၉ နာရီအထိ တစ်ကြိမ်နဲ့ ညနေ ၃ နာရီခွဲကနေ ၆ နာရီခွဲအထိ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ်ပဲ နာရီပိုင်းနဲ့ အပြင်ထွက်ခွင့်ပြုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီရဲ့ ထပ်ဆင့်ထုတ်ပြန်ချက်ထဲမှာ စည်းကမ်းချက်နဲ့မညီဘဲ အပြင်ထွက်တာကို စစ်ဆေးတွေ့ရှိခဲ့ရင် တည်ဆဲဥပဒေ နဲ့ အရေးယူမယ်လို့ ဖော်ပြထားပေမယ့် ဘယ်လိုအရေးယူမယ် ဆိုတာကိုတော့ တိတိကျကျ ရေးမထားပါဘူး။
ရောဂါကူးစက်မှုနှုန်း ကျနေတဲ့အခုလိုအချိန်မှာ တင်းကျပ်လွန်းတဲ့ ကန့်သတ်ချက်တွေ ထုတ်လိုက်တာဟာ လူတွေကို ပိုဒုက္ခရောက်စေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေး ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကြေညာချက်ထုတ်ထားတာကတော့ မနက် ၄ နာရီကနေ ၉ နာရီ၊ ညနေ ၃ နာရီခွဲကနေ ၆ နာရီခွဲ ထုတ်ထားတယ်။ ဒီအချိန်တွေကမှအပ လုံးဝမထွက်ရလို့ ပြောတယ်။ အရေးကြီးရင်တော့ တစ်ယောက် တည်း ထွက်ရတယ်။ ဈေးဝယ်ကတ်တို့ နယ်ကျော်ကတ်တို့ လုပ်ထားလို့ ပြောတာပဲ၊ နယ်ကျော်ကတ်တော့ အမှန်တိုင်းပြောရင် လုပ်မထားဘူး၊ ရုံးတွေလည်းပိတ်ထားတော့ ဘယ်လုပ်ရမလဲ မသိဘူး။ မန္တလေးသား ဆိုတော့ ရှေ့မှာ အုပ်စုအုပ်စုတွေ့ရင် ရှောင်မောင်းပေါ့၊ ရဲတွေလား၊ ရပ်ကွက်လူကြီးတွေလားတော့ မသိ ဘူး၊ ရိုးရိုးအဝတ်အစားတွေနဲ့ စောင့်တယ်။ စစ်သားတွေက လက်နက်တွေနဲ့ ဘေးမှာရှိတယ်။ မန္တလေးက ရောဂါသေဆုံးမှုနှုန်းလည်း သိပ်မကြားရတော့ဘူး၊ နည်းသွားပြီ၊ ကူးစက်နှုန်းကလည်း အိမ်တစ်အိမ်ထဲမှာပဲ မိသားစုလိုက် တစ်ယောက်ပြီးတစ်ယောက် ကူးနေတာပဲ ရှိတော့တယ်။ အပြင်မှာလည်း မကူးတော့ဘူး၊ ဒီတိုင်းကြီး လုပ်တာကတော့ သိပ်ပြီးသဘာဝမကျဘူးလို့ ထင်တယ်။ လူတွေ ပိုဒုက္ခရောက်စေတာပေါ့“
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္မဏီ၊ စက်ရုံ၊ အလုပ်ရုံ၊ ရေသန့်ဖြန့်ဖြူးရောင်းချရေး အလုပ်ရုံတွေမှာ အလုပ်လုပ်ဖို့ သွားတဲ့သူတွေတော့ ဒီကန့်သတ်ချက်ထဲ မပါဝင် ဘူးလို့ ရေးထားပါတယ်။
"ဒါကတော့ နိုင်ငံရေး ဖိနှိပ်မှုလမ်းစဉ်အနေနဲ့ ကိုဗစ်ပိုးကို အသုံးချလိုက်တာပဲ"
စားသောက်ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့် မပြုတာ၊ အပြင်ထွက်တဲ့အခါ နယ်ကျော်ကတ်၊ ဈေးဝယ်ကတ် ပါရမှာ၊ ဆေးရုံဆေးခန်းသွားမယ်ဆိုရင် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ နှစ်ယောက်ပဲ ပါရမှာ စတဲ့စည်းကမ်း ချက်တွေကိုလည်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ စားဝတ်နေရေးအတွက် နေ့စဉ်ဈေးရောင်းနေတဲ့ တစ်နေ့လုပ်တစ်နေ့စား ဈေးသည်တွေ ကိုလည်း အတော်အခက်တွေ့စေတယ်လို့ မန္တလေးမြို့က အိမ်ရှင်မတစ်ယောက်က ပြောပါတယ်။
“ပြောချင်တာကတော့လေ တော်တော်ကို ကျက်သရေတုန်းတယ်။ ဘာလို့လဲဆို အိမ်နားမှာ ခဏနေ ပန်းသည်ဖြတ်သွားတော့ ဘာလို့ဒီအချိန်ကြီး ထွက်ရောင်းနေတာလဲလို့မေးတော့ ကိုယ့်ရပ်ကွက်ထဲဆိုတော့ ရမယ်ထင်လို့တဲ့၊ ကျမတို့ ပန်းတွေလည်း မကုန်ဘူး။ ဈေးထဲက ဈေးသည်တွေလည်း တစ်ယောက်မှ မရောင်းရဘူး၊ ပုဇွန်ခြောက်သည်ဆို တစ်ပြားမှ မရောင်းရဘူးဆိုပြီး အိမ်ပြန်လာရတယ်။ တစ်ခြားဈေး မှာလည်း နို့ထမင်းသည်က ကိုးနာရီထိုးတော့မယ်ဆိုပြီး မြန်မြန်လုပ်လိုက်တာ အိုးကြီးမှောက်ကျ သွားတယ်။ ဈေးသည်တွေမှာ တော်တော်ကို ဒုက္ခရောက်တယ်။ အဖြစ်ဆိုးတွေ ကြုံရတယ်။ လူတွေမှာ ကျီးလန့်စာစား ဖြစ်ရတယ်။ တချို့ကတော့ ဈေးတွေမှာ ဝရုန်းသုန်းကား မသွားတော့ဘဲနဲ့ အိမ်မှာရှိတာပဲ စားတော့တယ်။ ဒီဥစ္စာက စိတ်ဒုက္ခပေးတဲ့ အကြံပဲ“
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လမ်းသွားလမ်းလာ အသုံးပြုသူတွေအနေနဲ့ သွားလာရမယ့် လမ်းတွေကိုလည်း ကန့်သတ်ထားပါတယ်။ မန္တလေးမြို့တွင်းသွားလာရေးမှာ ၂၆ ဘီလမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်း၊ ကမ်းနားလမ်း၊ ၈၄ လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်းနဲ့ အရှေ့မြို့ပတ်လမ်းတွေကိုပဲ သွားလာအသုံးပြုရမယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလမ်းတွေမှာ ရဲနဲ့စစ်တပ်က ပိတ်ဆို့ပြီး လမ်းသွားလမ်းလာမှန်သမျှကို တင်းတင်းကျပ်ကျပ် စစ်ဆေး နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဒါဟာ အာဏာသိမ်းစစ်တပ်က ကိုဗစ်ကပ်ရောဂါကို အကြောင်းပြပြီး အာဏာဖီဆန်မယ့်လူထုကို ဖိနှိပ်ချုပ် ချယ်တာပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူ တစ်ယောက်က RFA ကို ပြောပါတယ်။
“ကိုဗစ်က နိုင်ငံရေးဖိနှိပ်မှု ဖြစ်လာတယ်။ သူတို့သည် အင်အားများများ မဖြန့်ကျက်နိုင်ဘူး။ မန္တလေး တစ်မြို့လုံးကို သူတို့အင်အား မလွမ်းခြုံနိုင်တဲ့အတွက်ကြောင့် နယ်မြေချုံ့လိုက်တဲ့သဘောပါပဲ၊ သူတို့ ကိုယ်တိုင် ထုတ်ပြန်တဲ့ လမ်းတွေကန့်သတ်တယ်။ အဲဒီလမ်းတွေမှာ ပိတ်စစ်နေတယ်။ မြို့ပတ်လမ်းမှာ ဆိုရင် တပ်စွဲပြီးတော့ ပိတ်စစ်နေတယ်။ ဒါကတော့ နိုင်ငံရေး ဖိနှိပ်မှုလမ်းစဉ်အနေနဲ့ ကိုဗစ်ပိုးကို အသုံးချလိုက်တာပဲ၊ အရင်ကတည်းက သူတို့ရဲ့ အာဏာကို အမြဲတန်းဖီဆန်ခဲ့တယ်။ ဒီအမိန့်ထုတ်မှုက ကျွန်တော်တို့အပေါ် အမိန့်တစ်စုံတစ်ရာ မသက်ရောက်စေဘူး၊ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်။ လမ်းပေါ်မှာပဲ ဆက်ရှိနေမယ်“
စစ်ကောင်စီက အပြင်မထွက်ရ သတ်မှတ်ထားတဲ့အချိန်မှာ အဓိကလမ်းမကြီးတွေပေါ်မှာ လူသွားလူလာ မရှိသလောက် ခြောက်ကပ်သွားပြီး လမ်းသွယ်တွေ၊ လမ်းကြားတွေကပဲ သွားလာနေကြရတယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ကန့်သတ်ကာလအတွင်း နေအိမ်ပြင်ပ ထွက်မယ်ဆိုရင် အပြင်ထွက်ခွင့်ကတ်ပါမှ ထွက်လို့ရမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် အုပ်ချုပ်ရေးရုံးအချို့က ပိတ်ထားတာကြောင့် အပြင်ထွက်ခွင့်ကတ် မရှိတဲ့သူတွေ တော်တော်များများရှိပါတယ်။ တချို့ကလည်း အုပ်ချုပ်ရေးရုံးကို မသွားရဲတာရော၊ မသွား ချင်တာရောကြောင့် အပြင်ထွက်ခွင့်ကတ် မရှိကြပါဘူး။
ကန့်သတ်ချိန်အတွင်း နေအိမ်ပြင်ပ ထွက်တဲ့သူတွေကို မနေ့က သြဂုတ်လ ၁၆ ရက်နေ့မှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ စစ်ကောင်စီက အရေးယူခဲ့တာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ ဘယ်နှစ်ယောက် အရေးယူခံထားရသလဲ ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ လက်အောက်ခံ ကျန်းမာရေးနဲ့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မန္တလေးတိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိမှုနဲ့ သေဆုံးမှုအရေအတွက် ကျဆင်းလာတာ တွေ့ရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့မှာ ဓာတ်ခွဲအတည်ပြုလူနာ ၃၄၁ ယောက်၊ သေဆုံးသူ ၂၉ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ စစ်ကိုင်တိုင်းအတွင်းက မုံရွာမြို့မှာလည်း ကိုဗစ်ပိုးတွေ့ရှိမှုကို အကြောင်းပြုပြီး အခုလ ၁၄ ရက်နေ့ကစပြီး ပါဆယ်စနစ်နဲ့ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေ၊ စားသောက်ကုန်ပစ္စည်း ရောင်းချတဲ့ဆိုင်တွေကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ အပြီးပိတ်ထားဖို့ စစ်ကောင်စီက ညွန်ကြားထားပါတယ်။