မန္တလေးမှာ ပြိုင်ကားနဲ့ ဆိုင်ကယ်တွေကို ညပိုင်း စစ်ဆေးအရေးယူ
2017.08.21
မန္တလေးမြို့အတွင်း အများပြည်သူပိုင်လမ်းတွေမှာ ပြိုင်ကားတွေ၊ ပြိုင်ကားလို ပြုပြင်ထားတဲ့ ကားတွေ၊ အိတ်ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်တွေအပါအဝင် အသံဆူညံအောင်မောင်းတဲ့ ယာဉ်အားလုံးကို မနေ့ညကစပြီး ဖမ်းဆီးအရေးယူနေတယ်လို့ သိရပါတယ်။
ညဘက် အများပြည်သူ အိပ်စက်အနားယူချိန်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အသံဆူညံအောင်လုပ်ထား တဲ့ယာဉ်တွေ အကုန်လုံးကို မနေ့ညကစပြီး အရေးယူတာဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၃ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးကံသိန်းက ပြောပါတယ်။
"မနေ့ညကစပြီး ညဉ့်နက်ပိုင်းအရေးယူတဲ့အပိုင်းတွေ စတင်လိုက်ပါတယ်။ ကျနော်တို့ ပြည်သူလူထုက တနေ့လုံး ပင်ပင်ပန်းပန်းအလုပ်တွေလုပ်လာရတယ်။ ညဘက်မှာ ၁၀ နာရီနောက်ပိုင်းမှာ ကျနော်တို့ ပြည်သူလူထုက အိပ်စက်အနားယူတာပေါ့။ အဲ့အချိန်မှာ အေးအေးချမ်းချမ်းနဲ့ အိပ်စက်အနားယူချင်တဲ့ဆန္ဒရှိပါတယ်။ ဒါကို ပတ်ဝန်း ကျင်မှာ ဆူညံစွာသွားတဲ့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်သံတွေကြောင့် ကျနော်တို့ ပြည်သူလူထုက အထိတ်တလန့်တွေဖြစ်ပြီးမှ အိပ်စက်အနားယူမှုကို အနှောင့်ယှက်ဖြစ်စေတဲ့ အနေထားလေးတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ ည ဒါမျိုးသွားလာလှုပ်ရှားမှု မရှိအောင်ဆိုပြီး ကျနော်တို့ စစ်ဆေးအရေး ယူနေတဲ့ အပိုင်းလေးပါ"
မန္တလေးမြို့တွင်းမှာ အသံဆူညံအောင်လုပ်ပြီး မောင်းနေတဲ့ယာဉ်တွေကို ပြီးခဲ့တဲ့ဇူလိုင် ၃၁ ရက်နေ့ကစပြီး နေ့ဘက်တွေမှာ ဖမ်းဆီးနေတာဖြစ်ပါတယ်။
မနေ့ညကစပြီး ည ၁၁ နာရီကနေ မနက် ၃ နာရီအထိ ညပိုင်းဖမ်းဆီးမှု စတင်တာဖြစ်ပါတယ်။
မနေ့ကစပြီး မန္တလေးမြို့တွင်းက လမ်းတွေမှာ ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့၊ စည်ပင်ရဲ၊ အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်။
အဲဒီလိုယာဉ်တွေကို ဖမ်းဆီးရမိတဲ့အခါ ယာဉ်မောင်းဟာ အရက်သေစာ သောက်စားထားတာ ရှိ/မရှိ ၊ ယာဉ်ပေါ်မှာ လူကို အန္တရာယ်ဖြစ်စေတဲ့ လက်နက်တွေ ပါ/မပါ၊ မူးယစ်ဆေးသုံးစွဲထားတာ ရှိ/မရှိ စတာတွေကိုပါ စစ်ဆေးပြီး အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ညကတော့ အသံဆူညံအောင်မောင်းလာတဲ့ ပြိုင်ကား ၄ စီး၊ အိတ်ဇောဖြုတ်ထားတဲ့ ဆိုင်ကယ် ၂ စီး၊ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ် ၁၀ စီးတို့ကို ဖမ်းမိထားတယ်လို့ သိရပါတယ်။
အဲဒီလိုဖမ်းဆီးအရေးယူမှုတွေကို ရက်အကန့်အသတ်မရှိ ဖမ်းဆီးစစ်ဆေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။