မန္တလေးက ဗကသ ကျောင်းသားနှစ်ဦး ထောင်ဒဏ် တစ်နှစ် ထပ်တိုး

2020.10.21
mdy-students-court-622.jpg တပ်မတော် အလင်းဝင်ပါ ဆိုတဲ့ စတစ်ကာတွေကပ်ခဲ့တဲ့ ဗကသကျောင်းသား ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို အမရပူရတရားရုံးမှာ ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Khaymani Win/RFA

တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ တပ်မတော် အလင်းဝင်းပါဆိုတဲ့ စာသားပါ စာရွက်တွေ ရတနာပုံ တက္ကသိုလ်ကျောင်း ပေါက်ဝမှာ ကပ်ခဲ့လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဗကသ ကျောင်းသား နှစ်ယောက်ကို အမရပူရတရားရုံးက ဒီနေ့ ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်လိုက်ပါတယ်။

ကျောင်းသားတွေဟာ ဒီလှုပ်ရှားမှုကို စက်တင်ဘာလမှာ လုပ်ခဲ့တာဖြစ်ပြီး အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ထောင်ဒဏ်တစ်နှစ် ထပ်မံချခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးအပြင် ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုဘုန်းမြင့်ကျော်တို့ဟာ တပ်မတော်ကို ဆန့်ကျင်တဲ့ စာသားတွေနဲ့ တခြားစာသားတွေကို လိုက်လံကပ်ခဲ့တယ်လို့ အမရပူရမြို့နယ်တရားသူကြီး ဒေါ်စုငြိမ်းမွန်က ပြောပါတယ်။

အဲဒီလှုပ်ရှားမှုအတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တို့နဲ့ ကျောင်းသား သုံးယောက်ကို တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးမိထားတဲ့ ကျောင်းသား နှစ်ယောက်ကို ပုဒ်မတစ်ခုအတွက် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ပေမယ့် တစ်ပေါင်းတည်းကျခံဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကိုဘုန်းမြင့်ကျော်ကိုတော့ တရာခံပြေးအဖြစ် သတ်မှတ်ထားပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်လို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား ၁၃ ယောက် တရားစွဲဆို ခံထားရပြီး ကိုးယောက်ကတော့ အိုးဘိုအကျဉ်ထောင်မှာ ဖမ်းဆီးခံထားရပါတယ်။

ဒီနေ့ ထောင်ဒဏ်ထပ်မံချခံရတဲ့ ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ နှစ်ဦးကို တရားရုံးအသီးသီးက ထောင်ဒဏ်တွေချမှတ်ထားတာမှာ အခုဆိုရင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ရှိပြီဖြစ်ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။