မန္တလေးတိုင်းမှာ လူ ၂ သိန်းလောက် မဲဆန္ဒရှင်စာရင်းမှာ ပျောက်နေဆဲ


2015.09.28
voter-lists-mdy-620.jpg မန္တလေးမြို့က ရပ်ကွက်တစ်ခုမှာ မဲဆန္ဒရှင်စာရင်း စစ်နေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီးမှာ ရွှေ့ပြောင်းနေထိုင်နေကြသူတွေထဲက မဲပေးပိုင်ခွင့်ရှိသူ ၂သိန်းလောက်ရှိပြီး အခုချိန်ထိ မဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့အတွက် တိုင်းဒေသကြီးကော်မရှင်ထံ လျှောက်ထားသူ ၄သောင်းလောက်သာ ရှိသေးတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ အများစုရှိတဲ့နေရာတွေမှာ မဲဆန္ဒရှင်စာရင်းမှာပါရေးအတွက် ဘယ်လိုလျှောက်ထားရမယ် ဆိုတာကို ကော်မရှင်က အသိပညာပေးနှိုးဆော်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ကျော်စိုးက ပြောပါတယ်။

"ကော်မရှင်ခွဲတွေပေါ့၊ အဲ့ကိုသွား အဲ့မှာနှိုးဆော်ချက်စာတွေဝေ၊ နှိုးဆော်ချက်စာတွေကအစ ကျနော်တို့ပေး လိုက်တယ်၊ ၁ဝ ရက်နေ့နောက်ဆုံးဖြစ်ပါတယ်၊ အဲ့နေ့မတိုင်ခင် လျောက်ထားဖို့လိုပါတယ်၊ အဲ့ဒါမဲစာရင်းမှာပါမှ မဲပေးခွင့်ပါမှာပါ၊ နှိုးဆော်ချက်စာတွေဝေမယ်၊ ကပ်မယ် ပြီးရင် ပုံစံ ၃-က တွေ အခမဲ့ဝယ်လိုက်မှာပေါ့၊ အစုဝေးလိုက်ကြီးရှိနိုင်တဲ့ နေရာတွေကိုတော့ သူတို့ကိုဆင်းခိုင်းလိုက်တာ၊ ကျန်ခဲ့မှာစိုးလို့ပေါ့နော်၊ တချို့ကျတော့ သိလို့လာမလျောက်တာက ပြဿနာမရှိဘူး၊ သိတယ် သေချာမလျောက်ချင်လို့ မလျောက်တာဆိုရင်တော့ ကျနော်တို့ လည်း မတတ်နိုင်ဘူး၊ မသိဘဲဖြစ်မှာစိုးလို့"

မန္တလေးတိုင်းတစ်ခုလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၄သန်းကျော်ရှိပြီး အဲဒီစာရင်းထဲမှာ ရွှေ့ပြောင်းနေထိုင်ကြသူ အရေအတွက် မပါဝင်သေးပါဘူး။

သူတို့ဟာ မဲဆန္ဒရှင်စာရင်းမှာပါရေးအတွက် အလုပ်ရှင်ထောက်ခံစာ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ နဲ့ ကော်မရှင်ရုံးတွေမှာ ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ကျော်စိုး ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။