စိန်ကမ္ဘာချည်မျှင်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အမှတ်(၁)မှာရှိတဲ့ စိန်ကမ္ဘာချည်မျှင်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
စိန်ကမ္ဘာ ချည်မျှင်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေနဲ့ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် အခုလိုဆန္ဒပြရတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူအလုပ်သမား ကိုဇာနည်ကျော်က ပြောပါတယ်။
"အလုပ်ရှင်က ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုတဲ့ သဘောပေါ့၊ သူတို့ကစာချုပ်တွေကို ခဏခဏ ချိုးဖောက်တယ်၊ ကျွန်တော်အနေနဲ့ အားနည်းတယ်လို့ ထင်တယ်ခင်ဗျ"
ဒီနေ့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက် ၇ ချက်ထဲမှာ ဝန်ထမ်းတွေရဲ့ ဆန္ဒမပါဘဲ အလုပ်ဌာနပြောင်းရွှေ့ခိုင်းတာတွေမလုပ်ဖို့၊ လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရရင် အလုပ်ရှင်ဘက်က အပြည့်အဝတာဝန်ယူပေးဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့သိရပါတယ်။
စိန်ကမ္ဘာချည်မျှင်စက်ရုံကအလုပ်သမားတွေ ဆန္ဒပြခဲ့တာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်းရဲ့သတင်းပေးပို့ချက်ကို နားဆင်ရမှာပါ။