မန္တလေးအလုပ်သမားတစ်ထောင်ကျော် ဆန္ဒပြ


2017.09.17
mdy-workers-protest-622.jpg လုပ်ခလစာ အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့မှာ အလုပ်သမား ၁ ထောင်ကျော် ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Thet Hnin Aung

အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့၊ အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်ဖို့၊ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဥပဒေမှာ ထောင်ဒဏ် ထည့်သွင်းပေးဖို့အပါအဝင် အချက် ၆ ချက်ကို အလုပ်သမား ၁ ထောင်ကျော်က မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီနေ့ပွဲကို ဦးဆောင်တဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင် က တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။

" အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းပေးရေးဖြစ်ပါတယ်၊ ဒုတိယတစ်ခုက အလုပ်သမား တရားရုံးများပေါ်ပေါက်ရေးဖြစ်ပါ တယ်၊ နောက်တစ်ခုက ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ် ၉၈ ကို အစိုးရလက်မှတ်ရေးထိုးဖို့ဖြစ်ပါတယ်၊ ပြဋ္ဌာန်းချက် အမှတ် ၉၈ က ဘာလဲဆိုတော့ အလုပ်သမားသမဂ္ဂတွေကို အကာအကွယ်ပေးတဲ့ ပြဋ္ဌာန်းချက်ပါ၊ နောက်တစ်ခု ကကျတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဥပဒေပေါ့၊ OSH ဥပဒေလို့ ခေါ်တယ်၊ အဲဒီဥပဒေကို လွှတ်တော်ကနေပြီးတော့မှ အမြန်ဆုံးပြန်လည် ပြဋ္ဌာန်းဖို့ဖြစ်ပါ တယ်ဗျ၊ ခုံသမာဓိကောင်စီအလုပ်သမား ကိုယ်စားလှယ်တွေကို အလုပ်သမားဝန်ကြီးဌာန ကနေပြီးတော့မှ လက်သိပ်ထိုးရွေးချယ်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်လိုက် တယ်ပေါ့နော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ ကလည်း အတည်ပြုလိုက်တယ်ပေါ့၊ ကျနော်တို့က ဒီအလုပ်သမားဝန်ကြီးဌာနရဲ့လုပ်ရပ်ကို ကန့်ကွက်တာ ဖြစ်ပါတယ်၊ အနည်းဆုံးလုပ်ခလစာကို အမြန်ဆုံးပြန်လည်ပြင်ဆင် တိုးမြှင့်ပေးရေး ဖြစ်ပါတယ်ဗျ"

မန္တလေးတိုင်းအတွင်းက အလုပ်သမားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့က စိတ်ပါဝင်စားမှုအားနည်းနေတာကို တွေ့ရ တာကြောင့် ဝန်ကြီးချုပ်အနေနဲ့ အလုပ်သမား အရေးတွေကို အာရုံစိုက်ပေးဖို့ တောင်းဆိုချင်တယ်လို့လည်း ဦးသက်နှင်းအောင် က ပြောပါတယ်။

လက်ရှိမှာ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုကိစ္စတွေကို အရပ်ဖက်တရားရုံးတွေမှာသာ ရင်ဆိုင်နေရပြီး ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွား မှုဖြေရှင်းရေးဥပဒေမှာပါတဲ့အတိုင်း အလုပ်သမား တရားရုံးတွေ တည်ထောင်ပေးဖို့  တောင်းဆိုတာလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ ခုံသမာဓိကောင်စီရဲ့ အမိန့်တွေကို အလုပ်ရှင်တွေက လိုက်နာတာအားနည်းတဲ့ အတွက် အလုပ်သမားအငြင်းပွားမှု ဥပဒေမှာ ထောင်ဒဏ် ထည့်သွင်းပေးဖို့လည်း တောင်းဆိုကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ မန္တလေးအပြင် မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံနဲ့ နေပြည်တော်တို့က စက်ရုံပေါင်း ၆၀ လောက်က အလုပ်သမားတွေ စုစုပေါင်း ၁ ထောင်ကျော် ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။