မီဒီယာလွတ်လပ်ခွင့်မရှိဘူးလို့ ဝေဖန်တာတွေ လက်မခံကြောင်းနဲ့ ဘက်လိုက်မှုရှိကြောင်း ဝန်ကြီးပြော
2018.12.05

မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်မရှိဘူးလို့ ဝေဖန်နေတာတွေကို လက်မခံကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေဟာ ငွေကြေးပံ့ပိုးသူတွေရဲ့ သဘောထားနဲ့ သြဇာအတိုင်း ရပ်တည်နေရပြီး ဘက်လိုက်မှုရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ မီဒီယာဖိုရမ်မှာ ဒေါက်တာ ဖေမြင့်က အဲဒီလိုပြောကြားလိုက်တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အဆင့်အတန်း သတ်မှတ်ချက်တွေ ထုတ်ပြန်နေတဲ့ Freedom House အဖွဲ့နဲ့ နယ်စည်းမခြား သတင်းထောက်များအသင်းတွေဟာလည်း ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေရဲ့ သြဇာမကင်းတဲ့အကြောင်း၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေအနေနဲ့ ဘယ်လောက် လွတ်လပ်ခွင့်ရှိမလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ဒေါက်တာ ဖေမြင့်ရဲ့ ပြောကြားချက်အပေါ် အခမ်းအနားတက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေက ကျေနပ်မှု မရှိကြပါဘူး။
ဝန်ကြီးရဲ့ ပြောကြားချက်အပြီး နေ့ချင်းမှာပဲ ပြည်တွင်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်၊ ပဲန်မြန်မာ (Pen Myanmar)၊ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ နဲ့ Article 19 စတဲ့ မီဒီယာအဖွဲ့အစည်း ၁၆ ခုက ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ အစိုးရပိုင် မီဒီယာဆိုတာ ဘယ်အစိုးရ တက်တက် ပုံစံမျိုးစုံနဲ့ ဆက်ပြီး တည်ရှိသွားမယ်လို့ ယုံကြည်ကြောင်း ပြောဆိုချက်ဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံရဲ့ စရိုက်လက္ခဏာနဲ့ ညီညွတ်မှုမရှိကြောင်း၊ ထုတ်ဝေသူ အပါအဝင် ငွေကြေး စိုက်ထုတ်သူတွေရဲ့ သြဇာ လွှမ်းမိုးမှုကြောင့် ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေမှာ အယ်ဒီတာ လွတ်လပ်ခွင့် ရှိမရှိ၊ ငွေရှင်တွေရဲ့ သြဇာကို လွန်ဆန်နိုင်စွမ်း ရှိမရှိ မေးခွန်းထုတ်တာဟာလည်း နိုင်ငံတော် ဘဏ္ဍာကို အသုံးပြုပြီး တည်ဆဲ အစိုးရနဲ့ တပ်မတော်ရဲ့ သြဇာကို ခံနေရတဲ့ ဝါဒဖြန့်မီဒီယာတွေ ရှိနေတာကို စိုးရိမ်ကြောင်း ထည့်ပြောမှ မှန်ကန်မယ်လို့ ဖော်ပြထားပါတယ်။
သတင်းမီဒီယာသမားတွေဟာ ပြည်သူကို မှန်ကန်တဲ့ အချက်အလက်ပေးဖို့ တာဝန်ရှိသလို နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံချစ်စိတ်၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုစိတ် ရှိရမယ်လို့ ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့သယောင် သိမ်းကျုံးပြောမယ့် အစား တိတိကျကျပြောဖို့ အခုလိုပြောပါတယ်။
"ကျနော်တို့ နိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေသယောင် အထူးသဖြင့် အခုနောက်ပိုင်းမှာ ပိုပြီးတော့ ပြောဆိုလာတာက အရင်ကထက်တောင် ပိုပြီးတော့ ဆိုးနေသယောင် ပြောဆိုတာတွေလည်း ကြားရလေ့ ရှိပါတယ်၊ အဲလိုပြောဆိုကြသူများကို ကျနော် အကြံတစ်ခု ပေးချင်ပါတယ်၊ အပြစ်တင်ရရင်ပြီးရောဆိုတဲ့ ပုံစံမျိုး ပြောဆိုတာတော့ မလုပ်ပါနဲ့ အဲဒီအခါမှလည်း ကျနော်တို့ဘက်က စဉ်းစားဆင်ခြင်စရာတွေ ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်"
၂၀၁၂ ခုနှစ်မှာ စာပေစိစစ်ပေး ဖျက်သိမ်းပေးခဲ့သလို ၂၀၁၃ ခုနှစ်မှာလည်း ပုဂ္ဂလိက မီဒီယာတွေ ထုတ်ဝေခွင့်ပေးခဲ့ကြောင်း၊ နိုင်ငံတကာကော မီဒီယာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ချင်ပါတယ် ပြောပေမယ့် လက်တွေ့မှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခွင့် မရဘူးလို့လည်း ပြောပါတယ်။
မီဒီယာတွေကို သင်တန်းပေးနေတဲ့ သတင်းစာဆရာ ဦးစိန်ဝင်းကတော့ ဝန်ကြီးရဲ့ ပြောကြားချက်ဟာ မီဒီယာဖွံ့ဖြိုးရေးအတွက် အဖြေမဟုတ်ဘူးလို့ အခုလိုပြောပါတယ်။
"မီဒီယာ ဖွံ့ဖြိုးရေးလို့ပြောတဲ့အခါမှာ သတင်းထောက်တွေကြီးပဲ မဟုတ်ဘူး၊ အစိုးရကြီပဲလည်း မဟုတ်ဘူး၊ အရပ်ဘက်အဖွဲ့အစည်းတွေရော အားလုံးပါဝင်ပြီးတော့ ပိုကောင်းသထက် ကောင်းအောင်လုပ်ရမှာ အဲလိုဟာကို သူက အဲလိုမစဉ်းစားဘဲနဲ့ ငါ့ကို လက်ညှိုးလာမထိုးနဲ့ မင်းတို့ကရော ဘယ်လောက်ဖုန်တွေ ပြောင်နေလို့လည်းဟာ မျိုးဖြစ်နေတယ်၊ အဲဒီဟာက အဖြေရှာတာမဟုတ်ဘူးလေ"
Pen International ရဲ့ ဒါရိုက်တာ စာရေးဆရာမ မသီတာ(စမ်းချောင်း)ကတော့ မီဒီယာသမားတွေဘက်ကလည်း ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မြဲအောင် ကျင့်သုံးသင့်တယ်လို့ အခုလိုပြောပါတယ်။
"သတင်းမီဒီယာကောင်စီသည် ဘယ်သူက သတင်းထောက်လည်း ဆိုတာအပါအဝင် တခြားကိစ္စတွေကို သူက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိတာမျိုးဖြစ်စေချင်တယ်၊ တက်လာတဲ့ အစိုးရရဲ့ လမ်းညွှန်ချက်ကို ယူပြီးတော့ လှုပ်ရှားရတဲ့ အဖွဲ့အစည်းမျိုးတော့ မဖြစ်စေချင်တာ အမှန်ပဲ၊ အဲဒီအတွက်ကြောင့်မို့လို့ သတင်းမီဒီယာသမားတွေဟာ ကိုယ့်ကိုပိုပြီးတော့ အသိအမှတ်ပြုစေချင်တယ်၊ ကိုယ့်ကိုပိုပြီးတော့ မှန်တဲ့အတိုင်း သုံးသပ်စေချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကျင့်ဝတ်တွေကို ခါးဝတ်ပုဆိုးလို ကိုင်ဆွဲပြီးတော့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်စေချင်တယ်၊ ဒါဆိုရင်တော့ အစိုးရဘက်မှာရော မီဒီယာဘက်မှာပါ နားလည်မှု ယုံကြည်မှု ပိုတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်"
မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၃၁ ၊ ၂၀၁၈ ခုနှစ်မှာ ၁၃၇ ရှိနေပြီး သတင်းသမားတွေ ဖမ်းဆီးခံရမှုတွေ များလာတယ်လို့လည်းဝေဖန်ခံနေရတာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ DVB က Operation Director ဦးတိုးဇော်လတ်က နော်ဝေက ထောက်ပံ့ပေမယ့် သတင်းတည်းဖြတ်တဲ့ အယ်ဒီတိုရီယယ်ဆိုင်ရာ လွတ်လပ်ခွင့်ရှိတယ်လို့ အခုလိုပြောပါတယ်။
"ကျနော်တို့ DVB က နော်ဝေနိုင်ငံက အထောက်အပံ့ယူတာ ၂၆ နှစ် ရှိပြီပေါ့နော်၊ အားလုံးသိပါတယ်၊ အဲ့လိုယူတဲ့အထဲမှာ အယ်ဒီတိုရီရယ်အရ ဘာကိုယူရမယ်၊ ဘာကို မယူရဘူးဆိုတာ မရှိပါဘူး၊ စွက်ဖက်လာမယ်ဆိုရင်လည်း ကျနော်တို့က လက်မခံပါဘူး၊ ကျနော်တို့ရဲ့ အယ်ဒီတာအရ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ စွက်ဖက်လာတာလည်း မရှိပါဘူး"
မြန်မာနိုင်ငံမှာ မီဒီယာဖိုရမ်ကို ၂၀၁၂ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ဒီနှစ်ဟာ ၇ ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ် ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။