ရွေးကောက်ပွဲကာလ သတင်းမီဒီယာတွေ အရေးပါမည်
2014.03.12

၂၀၁၄ နိုင်ငံရေး အခြေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကာလမှာ သတင်းမီဒီယာတွေ ရဲ့ ရေးသားတင်ပြမှုတွေဟာ အများပြည်သူတွေရဲ့ ထင်မြင်သုံးသပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်မှုနဲ့ စိန်ခေါ်မှုများ ညီလာခံ နောက်ဆုံးနေ့မှာ အနာဂတ်မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ အလားအလာ ခေါင်းစဉ် နဲ့ ဆွေးနွေးစဉ် ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောခဲ့တာပါ။
"မြန်မာနိုင်ငံက သတင်းမီဒီယာတွေရဲ့ အနာဂတ်ကို ပြောရမယ်ဆိုရင် ဒီနှစ် ၂၀၁၄ နဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလတွေမှာ မီဒီယာတွေရဲ့ ရေးသားဖေါ်ပြမှုတွေဟာ အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေကို လွှမ်းမိုးမှုရှိမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သိပ်မကြာတဲ့အနာဂတ်မှာ အများပြည်သူပိုင်၊ ပုဂ္ဂလိကပိုင်နဲ့ ဒေသန္တရအလိုက် တည်ထောင်ထားတဲ့ မီဒီယာတွေဆိုပြီး အမျိုးအစား ၃ မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ အားလုံးဟာ မတူညီတဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရမှာဖြစ်ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်" လို့ ဒုဝန်ကြီး ဦးရဲထွဋ် ပြောသွားတာပါ။
အခုအချိန်မှာ သတင်းသမားအများစုဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်အကြောင်းကိုသာ တောင်းဆိုနေကြပြီး သက်ဆိုင်ရာဂျာနယ် နေ့စဉ်ထုတ်ဝေမှုတွေမှာ အယ်ဒီတာ့အာဘော် လွတ်လပ်ခွင့်ဆိုတာ ကို မေ့လျော့နေကြကြောင်း ၊ ဒါ့အပြင် စီးပွားရေးအခြေခံ ပုဂ္ဂလိကတိုက်ပိုင်ရှင်တွေရဲ့ အယ်ဒီတာ့အာဘော် ထိန်းချုပ်မှုတွေ ကြီးမားနေဆဲ ဖြစ်ကြောင်းလည်း ဒုဝန်ကြီး ဦးရဲထွဋ်က ထည့်သွင်းပြောခဲ့ပါတယ်။
အစိုးရအနေနဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ အများပြည်သူဝန်ဆောင်မှု မီဒီယာတွေဖြစ်အောင် တဖြည်းဖြည်းကြိုးပမ်းနေကြောင်း၊ အဲဒီအတွက် MRTV လို ဌာနမျိုးက ပျော့ပျော့ပြောင်းပြောင်း ဝေဖန် မှုတွေကိုတောင် အစိုးရဝန်ကြီးဌာနတွေက လက်ခံနိုင်မှုမရှိသေးတာလည်း ရှိနေသေးကြောင်းလည်း ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ သတင်းမီဒီယာဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေရဲ့ အရည်အချင်း အားနည်းနေတာတွေကို ထောက်ပြခဲ့ကြသလို တချိန်တည်းမှာလည်း သတင်းထောက်တွေရဲ့ အရည်အချင်းပြည့်မှီအောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား မီဒီယာ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ Burma News International BNI ကိုယ်စားပြု တိုင်းရင်းသားမီဒီယာ ကိုယ်စားလှယ် ၃ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသားမီဒီယာတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လွတ်လပ်တဲ့မွန်သတင်းဋ္ဌာန အယ်ဒီတာချုပ် နိုင်ကဆော့မွန်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။