မီဒီယာဖိနှိပ်မှု ရပ်တံ့ရေးတောင်းဆိုသူ သတင်းထောက်ကို အမိန့်ချမှတ်
2015.04.24

ပြီးခဲ့တဲ့နှစ် မေလလောက်က မကွေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့နဲ့ မီဒီယာဖိနှိပ်မှု ရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ မကွေးမြို့ခံ အလွတ်သတင်းထောက် ဦးတင်ရွှေကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ဒဏ်ငွေ ကျပ်နှစ်သောင်း ပေးဆောင်ဖို့ မကွေးမြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချ လိုက်ပါတယ်။
မကွေးမြို့မှာ သတင်းသမားတွေ ဖမ်းဆီးခံနေရတဲ့အတွက် ဆန္ဒပြတောင်းဆိုခဲ့တာကို ပုဒ်မ ၁၈ နဲ့ တရားစွဲခံ ရတာဟာ မကွေးတိုင်းရဲ့ မီဒီယာဖိနှိပ်မှုကို ဖော်ပြလိုက်တာဖြစ်တယ်လို့ အလွတ်သတင်းထောက် ဦးတင်ရွှေ က ပြောပါတယ်။
"မြန်မာနိုင်ငံမှာ မီဒီယာဖိနှိပ်မှုအတွက် ကျနော်တို့ ဆန္ဒပြတာလေ၊ သတင်းထောက် ကိုဇော်ဖေ ကို ထောင်ချတယ်၊ ယူနတီဂျာနယ်က သတင်းထောက်တွေကို ဖမ်းဆီးပြီးတော့ တရားစွဲဆို အရေးယူထောင်ချတယ်၊ အခုလည်းကြည့်လေဗျာ မြန်မာပို့စ်တို့ဘာတို့ နည်းနည်းနောနောမှမဟုတ်တာ၊ ဘာမီဒီယာ လွတ်လပ်ခွင့်မှမရှိလို့ ကျနော်တို့က ပြတာလေ၊ ဒါကျနော်တို့မှာ လုပ်ပိုင်ခွင့်တယ်၊ ကျနော်တို့မှာ ပြခွင့်ရှိလို့ ကျနော်တို့ကပြတာလေ၊ မီဒီယာလွတ်လပ်ခွင့်လိုချင်လို့ ဆန္ဒပြတာဗျာ၊ အဲ့ဒါကိုမှ ၁၈ နဲ့ စွဲတယ်ဆိုရင် ကျနော်တို့ မကွေးတိုင်းဒေသကြီးဟာ ဘယ်လောက်မီဒီယာဖိနှိပ်မှုရှိလဲဆိုတာ ဒါမျက်ဝါးထင်ထင်ပဲဗျ"
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က လျှို့ဝှက်ဓါတုလက်နက်စက်ရုံအကြောင်း ရေးသားဖော်ပြခဲ့တဲ့ ယူနတီ သတင်းဂျာနယ်က သတင်းသမား ၅ ဦးနဲ့ မကွေးတိုင်း ပညာရေးရုံးဝန်ထမ်းနဲ့ အဆင်မပြေဖြစ်ရာကနေ ဖမ်းဆီးခံလိုက်ရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေတို့ကို လွှတ်ပေးဖို့ ဦးတင်ရွှေ ဦးဆောင်ပြီး မကွေးမြို့မှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပြီး ၇ လအကြာမှာ မကွေးမြို့ မြို့မရဲစခန်းက ဒုရဲမှူးထွေးကိုက တရားလိုလုပ်ပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။ ဖမ်းဆီးခံ DVB သတင်းထောက်ကတော့ ပြန်လည်လွတ်မြောက်သွားပြီး ဖြစ်ပါတယ်။