တောင်ကုတ်မှာ ဆေးဝါးတွေပြတ်လပ်ပြီး အခြေခံစားကုန်တွေ ဈေးတက်
2024.06.24

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီတပ်က တစ်လနီးပါးအကြာ ပိတ်ဆို့ပြီး အဝင်အထွက်တွေကို တင်းကျပ်ထားတာကြောင့် မြို့တွင်းမှာ ဆေးဝါးတွေပြတ်လပ်ပြီး အခြေခံစားသောက်ကုန်တွေလည်း ဈေးတက်နေတယ်လို့ တောင်ကုတ်ဒေသခံတွေက ဇွန်လ ၂၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အရင်က အဝင်အထွက်ဂိတ်တွေကို ပိတ်ထားပေမဲ့ ဆေးဝါး၊ အခြေခံစားကုန်နဲ့ ကုန်စည်တချို့ သယ်ယူခွင့်ရကြပြီး အခု ဇွန်လ ပထမအပတ်ကစလို့ အဲဒီကုန်ပစ္စည်းတွေ သယ်ယူခွင့်ကိုပါ ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးကတော့ ဆေးဆိုင်တွေမှာ ဆေးဝါးတွေ မရှိတော့သလို စားသောက်ကုန်တွေလည်း ဈေးနှစ်ဆနီးပါး တက်လာတယ်လို့ RFA ကို ပြောပါတယ်။
"ဆေးဆိုင်တွေမှာ ဆေးမရှိ၊ ကုန်ဈေးနှုန်းကလည်း စားအုန်းဆီ တစ်ပိဿာကို ၂၆၀၀၀ လောက် ပေးရတယ်။ ဆီ၊ အချိုမှုန့်တွေလည်း ဝယ်လို့သိပ်မရဘူး။ ပေါ်ဆန်းမွှေးဆို တစ်အိတ်ကို နှစ်သိန်းကျော်တယ်။ ကုန်အဝင်တွေ ဖြတ်ထားတာလေ"
ကုန်ပစ္စည်းတွေ ရှားပါးလာတဲ့အတွက် ကုန်စည်ကူးသန်းမှုအတွက် လမ်းတွေ ပြန်ဖွင့်ပေးစေချင်တယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့ကို ပဲခူးတိုင်းဘက်က လာရောက်ရတဲ့ ရိုးမဖြတ်ကျော်လမ်းဖြစ်တဲ့ ပန်းတောင်း-တောင်ကုတ် ကားလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားပြီး ကုန်စည်စည်းဆင်းမှုတွေကို ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဇွန်လ ၁၅ ရက်နေ့ကစပြီး တောင်ကုတ်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် တောင်ကုတ်မြို့နယ် ကံဆိပ်ရွာကို ဇွန်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေငြိမ်နေပြီး တောင်ကုတ်မြို့မရဲစခန်းနဲ့ တောင်ကုတ်တက္ကသိုလ်တွေမှာ စစ်ကောင်စီတပ်က အထိုင်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။