မိတ္ထီလာ NLD အမတ် ၁၇ (၁) ပုဒ်မနဲ့ ထောင် သုံးနှစ် အမိန့်ချခံရ

2021.12.22
မိတ္ထီလာ NLD အမတ် ၁၇ (၁) ပုဒ်မနဲ့ ထောင် သုံးနှစ် အမိန့်ချခံရ မိတ္ထီလာမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ကို တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ဒီဇင်ဘာ ၂၁ ရက် မနေ့က ထောင်ဒဏ် သုံးနှစ် အမိန့်ချခံရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မိတ္ထီလာ ထောင်တွင်းတရားရုံးကနေ အမိန့်ချခံရတာဖြစ်ပြီး ဆက်ပြီးအယူခံတင်ဖို့မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

“ကိုလွင်မောင်က CRPH တို့ NUG တို့နဲ့ ဆက်သွယ်တယ်၊ ဖွဲ့တယ်ဆိုပြီးစွဲတာ၊ အဲဒါပြီးတော့ အမိန့်ချ လိုက်တာပေါ့၊ အဲဒီအဖွဲ့မှာ မပါပါဘူး၊ အင်တာနက်မှာ တွေ့တယ်ဆိုပြီး ချတာ၊ မဟုတ်ဘဲ အစွပ်စွဲခံရပြီး ချခံရတော့ နစ်နာတာပေါ့“

အဲဒီအမှုအတွက် မိတ္ထီလာမြို့နယ် အမှတ် (၃) ရဲစခန်းက စခန်းမှူးက တရားလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဦးလွင်မောင်မောင် စတင်အဖမ်းခံရချိန်မှာ ဆူပူလှုံ့ဆော်မှု ၅၀၅ (က) နဲ့ တရားစွဲခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာ နဲ့ ထောင်ဘူးဝအရောက် ပြန်လည်အဖမ်းခံရကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေနဲ့ ထပ်မံတရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

NLD ပါတီဝင်တွေ၊ ထောက်ခံအားပေးသူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲတာ ခံနေရပြီး ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်အထိ NLD ပါတီ ခေါင်းဆောင်တွေ အပါအဝင် ၄၃၂ ယောက် အဖမ်းခံထား ရတယ်လို့ NLD ဗဟိုပြန်ကြားရေးကော်မတီက ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။