တရုတ် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ ဆွေးနွေး


2018.12.17
mekong-lancang-cooperation-622.jpg မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Ministry of Foreign Affair Myanmar

မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဟာ လာအို နိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက် မနေ့က စတင်ကျင်းပတဲ့  စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်နေပါတယ်။

စည်းဝေးပွဲ မတိုင်ခင် ဒီဇင်ဘာ ၁၆ ရက်နေ့ကတော့ ဝန်ကြီး ဦးကျော်တင် နဲ့ တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ တို့ တွေ့ဆုံပြီး၊ နယ်ပယ်ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က မကြာသေးခင်က လက်မှတ်ရေးထိုးခဲ့တဲ့  တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်လမ်း  ပူးတွဲတည်ဆောက်ရေး အပါအဝင်  အဓိက စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သင့် ကြောင်း၊ မြန်မာပြည် မြောက်ပိုင်း အရေးကိစ္စတွေကို သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းသင့်ပြီး၊ ရခိုင်ကိစ္စနဲ့ ပတ်သက် လို့လည်း လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးမှာဖြစ်ကြောင်း၊  ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ  ပါဝင်သင့်ကြောင်း ဝမ်ယိ က ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကလည်း  ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုမှာ  ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို မြန်မာနိုင်ငံက ဆက်လက် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုမှာ တရုတ်နိုင်ငံနဲ့ အတူ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။