စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်ကင်းလွတ်နေတယ်လို့ အမေရိကန်ပြော

2022.04.12
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်ကင်းလွတ်နေတယ်လို့ အမေရိကန်ပြော ( ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့သူတွေကို တွေ့ရစဉ်။)
Photo:AFP

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်ပြီး အပြစ်ကလွတ်ကင်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကဝေဖန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် နိုင်ငံတွေကျင့်သုံးနေတဲ့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာမှာ ထည့်သွင်းပြောလိုက်တာပါ။

ဥပဒေအပြင်ကနေ သတ်ဖြတ်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ လူသားချင်းမစာနာပြုမူတာတွေအပါအဝင် စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေနဲ့တကွ ဖော်ပြပါတယ်။

ကလေးစစ်သားစုဆောင်းတာ၊ သတင်းသမားတွေကို အကြမ်းဖက်ခြိမ်းခြောက်တာ၊ တရားမဲ့ဖမ်းဆီးတာ အပါအဝင် သတင်းလွတ်လပ်ခွင့်တွေ ကန့်သတ်တာ၊ ငြိမ်းချမ်းစွာစုဝေးခွင့်တားမြစ်ခံရတာ၊ ဘာသာရေး လွတ်လပ်ခွင့်ကို အနှောင့်အယှက်ပေးတာနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံစာမှာ ထည့်သွင်းပြောထားပါတယ်။

တိုင်းရင်းသားလူနည်းစုတွေကို ပစ်မှတ်ထားတာ၊ အလုပ်သမားအဖွဲ့အစည်းတွေကို တင်းကျပ်တာ၊ ကလေးလုပ်သား အသုံးပြုတာတွေကိုလည်း ထောက်ပြထားပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုမှာတာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူတဲ့ သတင်းမရရှိဘဲ ဒီလူတွေ ပြစ်ဒဏ်ကလွတ်မြောက်နေတယ်လို့လည်း ပြောပါတယ်။

တဆက်တည်းမှာလည်း တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တချို့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အဖွဲ့ဝင်တွေလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။