သဘာဝပတ်ဝန်းကျင်မဆန်းစစ်ဘဲ သတ္တုစက်ရုံဆောက်လို့ ကရင်နီဒေသခံတွေစိုးရိမ်
2020.06.29
ကယားပြည်နယ် လွိုင်ကော်မြို့နယ် စက်မှုဇုန်မှာ တည်ဆောက်နေတဲ့ သတ္ထုသန့်စင်စက်ရုံကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာကို ကရင်နီဒေသခံတွေက စိုးရိမ်နေကြပါတယ်။
တရုတ်ဖက်စပ်ကုမ္ပဏီတစ်ခုက ကယားပြည်နယ် လွိုင်ကော်မြို့နယ် စက်မှုဇုန် (၂) ထဲမှာ အကြီးစား ခဲသတ္တု သန့်စင်စက်ရုံတစ်ခုကို ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ခြင်း (EIA) မပြုလုပ်ဘဲ တည်ဆောက် နေတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။
လွိုင်ကော်မြို့ရဲ့ စက်မှုဇုန် (၂) အနောက်မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာမှာ တည်ရှိတဲ့ အဲဒီစက်ရုံ တည်ဆောက်ရေး ခွင့်ပြုမိန့်ကို ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ECD) က မသိလိုက်ဘဲနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ တိုက်ရိုက် လုပ်ပိုင်ခွင့်ပြုတာဟာ လမ်းကြောင်းလွဲနေတယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့မှ ကယား (ကရင်နီ) ပြည်နယ်တာဝန်ခံ ခွန်းအန်းဂျလိုက ပြောပါတယ်။
“လမ်းကြောင်းလွှဲတယ်ဆိုတာသူ့ဟာ အမှန်ဆို သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်ဆိုရင် ECD နဲ့ အရင်ဦးဆုံး လုပ်ရမယ်လေ။ ပြည်နယ်အဆင့်အနေနဲ့ ECD နဲ့ သူဝင်ရမယ်။ ECD အနေနဲ့ သူဝင်ထားတဲ့ဟာကို ECD က တင်ပြမှပဲ ပြည်ထောင်စုအစိုးရအနေနဲ့ လေ့လာဆန်းစစ်ပြီးမှ MIC အမိန့်ကို ပေးပိုင်ခွင့်ရှိတယ်လေ။ အခု ဒီဘောင်တွေ သူတို့ကျော်ပြီးမှ ECD လည်း ကျနော်တို့မေးပါတယ်၊ သူတို့ဘာမှမသိဘူး။ MIC ကနေ တိုက်ရိုက်ကို ခွင့်ပြုချက်အမိန့်ပေးလိုက်တယ်”
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တုန်းက ပြဌာန်းလိုက်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် ဥပဒေအရ စီမံကိန်းကြီးတွေ မစတင်ခင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ကနဦး ဆောင်ရွက်ရပါတယ်။
“EIA လုပ်ရခြင်းအကြောင်းအရင်း ဒီစက်ရုံတစ်လုံး တည်ဆောက်ရင် EIA မလုပ်ရင် ဘယ်လိုပြောရမလဲ၊ ဒီစက်ရုံကို ဆိုးကျိုးတအားများလာတဲ့အခါကျတော့ ဘယ်လိုမှ လူထုကို ပြန်ပြီးတော့မှ ကယ်ဆယ်လို့ မရတော့ဘူး။ EIA ရဲ့ သဘောသဘာဝအရကလည်း အဲဒီတစ်လုံးရဲ့ လူထုဘယ်လောက်ထိခိုက်နိုင်လဲဆိုတာ လူထုဘယ်လောက်ထိမလဲဆိုတဲ့ဟာ လေ့လာဆန်းစစ်ချက် လုပ်ရတယ်။ ပြီးမှ EIA ရဲ့ သဘောသဘာဝက လုပ်ငန်းမစတင်မီ EIA လုပ်ရမယ်။”
ခွန်းအန်းဂျလိုက ထောက်ပြ ပြောဆိုသွားတာပါ။
အရပ်ဘက်အဖွဲ့အစည်းတွေက အခုလိုထောက်ပြနေပေမယ့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန (DICA) ရဲ့ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်ကတော့ EIA/SIA လုပ်ရတာ အချိန်ကြာမြင့်တဲ့ အတွက် စက်ရုံ တည်ဆောက်ဆဲကာလမှာလည်း ဆက်စပ်ဆောင်ရွက်ရလို့ရအောင် ပြည်ထောင်စုက ချပေးတာလို့ ဆိုပါတယ်။
“ကျမတို့ MIC ကကျတော့ အရင်တုန်းကဆိုလို့ရှိရင်ပေါ့နော် EIA/SIA လုပ်ပြီးမှ ကျမတို့ MIC က အတည်ပြုချက်တို့၊ ခွင့်ပြုမိန့်တို့ ပေးတယ်။ အခုနောက်ပိုင်းကျတော့ EIA/SIA လုပ်ရတာ အချိန်ပေးရတယ်၊ လုပ်ငန်းရှင်က EIA/SIA ကို အရင် ရေးဆွဲနေမယ် ဆိုလို့ရှိရင် အရမ်းကြန့်ကြာတယ်။ ကြန့်ကြာတဲ့အခါကျတော့ ခွင့်ပြုမိန့်ကို အရင်ချပေးပါတယ်။ ခွင့်ပြုမိန့် ချနေစဉ်ကာလ၊ သူတို့တည်ဆောက်ဆဲကာလမှာ ဒါ EIA/SIA တို့ ဘာတို့ဆွဲထားလို့ရတယ်”
သဘာဝပတ်ဝန်းကျင် ထိခိုက်လေ့လာမှုဆန်းစစ်မှုဥပဒေ အပိုဒ် ၈၊ ၉ နဲ့ ၆၇ မှာ EIA စတင်ဆောင်ရွက်မယ်ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပါရမယ်လို့ ဖော်ပြထားပါတယ်။
စက်ရုံတည်ဆောက်ရေးအတွက် မြေဝယ်ယူစဉ်ကာလတုန်းက စက်ရုံဘက်က သဘာဝပတ်ဝန်းကျင်ကိစ္စတွေကို ရှင်းပြတာ အားနည်းပြီးတော့၊ လူထုစိုးရိမ်မှု မြင့်တက်လာမှ ပတ်ဝန်းကျင်မထိခိုက်ရေး ကတိကဝတ် လာပြောပြတာရှိတယ်လို့ စက်ရုံအနီးမှာရှိတဲ့ နွားလဝိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဖိုးလှမြင့်က ပြောပါတယ်။
“အစကတည်းက ပြောပြီးသား ကျနော်တို့ဒေသအတွက် အကျိုးရှိမယ်ဆို လက်ခံတယ်။ ခုနက ကျနော်တို့ ဒေသမှာ ပြဿနာ ဖြစ်လာမယ်၊ ကျနော်တို့ ဆိုးကျိုးတွေရှိလာမယ် ဆိုလို့ရှိရင် ကျနော်တို့ လက်မခံဘူး။ ပြီးတော့ ခုနက ကျနော်တို့လာပြီးတော့ ညှိနှိုင်းတဲ့ မန်းနေဂျင်း ဒါရိုက်တာကလည်း သူကလည်း တာဝန် အပြည့်အဝ ယူထားတယ်လို့ ပြောပြီးသား၊ အဲဒါလုံးဝ မဖြစ်စေရဘူးတဲ့။ သူတို့ကတော့ ကျနော်တို့ ဒေသ အတွက် အကျိုးရှိစေရမယ်လို့ ကတိကဝတ်ပြုထားပြီးသားပဲ”
သတ္တုသန့်စင်စက်ရုံရဲ့ ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော်က စက်ရုံတည်ဆောက်ရေးအတွက် မြေတစ်ဧကကို သိန်း ၈၀ နှုန်းနဲ့ စုစုပေါင်း ၁၁၃ ဧက ဝယ်ယူခဲ့ပြီးတော့ စက်ရုံကိစ္စ ရွာသားတွေကို သေသေချာချာရှင်းပြခဲ့တယ်လို့ ပြန်ရှင်းပါတယ်။
“ဒီစက်ရုံ တည်ဆောက်မယ့်မြေနေရာမှာပါတဲ့ တောင်သူတွေအနေနဲ့ သုံးကြိမ်၊ လေးကြိမ် သွားရောက် ပြီးတော့မှ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ချိန်မှာ ဘာလုပ်ငန်းလုပ်မလဲဆိုတဲ့ဟာကို သူတို့ကို သေချာရှင်းပြတယ်။ နောက်ပြီးတော့မှ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ကို လုံးဝထိခိုက်မှုမရှိစေအောင်လည်း ဒီဘက်ကနေ တာဝန်ယူပါမယ်လို့ နောက်ပြီးတော့မှ ဒီလုပ်ငန်း ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်လည်း ဒေသခံကိုပဲ ဦးစားပေးပြီး တော့မှ ဒီနေရာမှာ အလုပ်တွေပေးမယ်။”
ပတ်ဝန်းကျင် ထိခိုက်မှာစိုးရိမ်လို့ ဒီလအစောပိုင်းမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်ဟာ စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်လေ့လာခဲ့ပါတယ်။
“ဒီသန့်စင်စက်ရုံကနေ ထွက်လာတဲ့ အညစ်အကြေးတွေက ဘယ်လိုစွန့်ပစ်မလဲ ဆိုတဲ့ဟာတွေကလည်း ဒါသေသေချာချာလုပ်ဖို့လိုတာပေါ့နော်။ ဘာဖြစ်လို့လဲဆို အဲဒီအနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ကျေးရွာသူ၊ ရွာသားတွေကလည်း မြေအောက်ရေကိုပဲ အားကိုးအားထားနေရတဲ့ ခါကျတော့ တကယ်လို့ဒီစွန့်ပစ်ရေကနေ မြေကြီးအောက်ကနေ စိမ့်ထွက်တော့ ဒါအများကြီး အန္တရာယ်ဖြစ်စေတာပေါ့။”
တကယ်လို့ ပတ်ဝန်းကျင် ထိခိုက်မယ်ဆိုပါက စက်ရုံကို ရပ်လိုက်မယ်လို့ ကုမ္မဏီ ဒါရိုက်တာ ဦးဝင်းမော်က ပြောပါတယ်။
“အစ်ကိုတို့ အကောင်းဆုံးဖြစ်အောင် လုပ်ထားလျက်မှ ပတ်ဝန်းကျင်ကို တကယ်ထိခိုက်တယ်လို့ပြောရင် ဒီစက်ရုံကို အစ်ကိုတို့ ဒီလုပ်ငန်းကို ဆက်မလုပ်ဘူးပေါ့။”
EIA မလုပ်တာဟာ ပြည်သူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံကိုနားမထောင်တာပဲလို့ ကယားပြည်နယ် ဖရူဆိုမြို့နယ် က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (နော်အီး)က ဝေဖန်ပါတယ်။
“စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့ဆိုတာ ဒေသခံကို အရင်တိုင်ပင်ရမယ်။ နောက်တစ်ခု ပိုဆိုးတာက ရှမ်းပြည်နယ်မှာ ထုတ်လုပ်ပြီးတော့မှ ကယားပြည်နယ်မှာ လာသန့်စင်တယ် ကျနော်တို့ကိုများ အမှိုက်ပုံးလို့ ထင်နေလားမသိပါဘူး။ အစကတည်းကပြောတယ်၊ ဆွေးနွေးမယ်လုပ်တော့ သူတို့က တစ်ခါတည်း ဖောင်ဒေးရှင်းတွေ တပ်သွားတယ်။ သူတို့က ထီးပလော်ကူး ကျေးရွာကို တိုင်ပင်ပါတယ်တဲ့။ မေးတော့လည်း တစ်ယောက်၊ နှစ်ယောက်သောလူ ပိုက်ဆံနည်းနည်းပေးပြီးမှ လုပ်သလိုဖြစ်နေတယ်ဆိုတော့ ဒါတွေကလည်း ဥပဒေလက်တစ်လုံးခြား လုပ်သွားကြတယ်ပေါ့။"
သတ္တုအညစ်ကြေးရေ ထုတ်ယူမယ့်နေရာတွေက အနီးအနားမှာရှိတဲ့ ရေကြောရှိတဲ့နေရာတွေထက် ပိုပြီး နက်တာကြောင့် အနီးတစ်ဝိုက်က ကျေးရွာတွေမှာ ရေခမ်းခြောက်မှု ကြုံလာနိုင်တယ်လို့ ခွန်းအန်းဂျလိုက ပြောပါတယ်။
စက်ရုံက တစ်နှစ်ကို ကုန်ချောတန်ချိန် ငါးထောင် ထုတ်လုပ်ဖို့ လျာထားတာဖြစ်လို့ ကုန်ကြမ်းသံရည်တန်ချိန် သိန်းချီ အသုံးပြုနိုင်တာကြောင့်၊ ကရင်နီပြည်နယ်တွင်းက ရေအရင်းမြစ်တွေ၊ သယံဇာတတွေ၊ လေထုတွေ ထိခိုက်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
Global South Industrial Company ကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခဲမဖြူ၊ အဖြိုက်နက်၊ ရောရာ သတ္တုသန့်စင် တူးဖော်ထုတ်လုပ်ရေးအတွက် ၂၀၁၉ ခုနှစ်ကတည်း စီမံကိန်းအတွက် ခွင့်ပြုပေးထားဖြစ်ပြီးတော့၊ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရင်းနှီးမြှုပ်နှံထားတယ်လို့ ၂၀၁၉ ခုနှစ် ကယားပြည်နယ်အစိုးရရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီကို တရုတ်နိုင်ငံအခြေစိုက် Hunan Global South Industrial Co.,Ltd နဲ့ မြန်မာနိုင်ငံက ရတနာ ကုဋေသိုက် ကုမ္ပဏီလီမိတက်တို့ ဖက်စပ် ဖွဲ့စည်းတည်ထောင်ထားတာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
တရုတ်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ Mr. He Ruqiu က တနိုင်တပိုင် လုပ်ငန်းတွေကနေသာမက အကြီးစား လုပ်ကွက်တွေကနေ ထွက်လာမယ့် သတ္တုရိုင်းကို အရည်အသွေးမြင့် သတ္တုချောင်းနဲ့ သတ္တုမျှင်များအဆင့်အထိ သန့်စင်ကျိုချက်ထုတ်လုပ်နိုင်တဲ့စက်ရုံ တစ်ရုံ တည်ထောင်ဖို့ မြေဧက ၅ဝ ခန့် အသုံးပြုလိုကြောင်း ၂၀၁၈ စက်တင်ဘာမှာ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒုတိယအဆင့်အနေနဲ့ စက်ရုံ ခြောက်ရုံ တည်ဆောက်ဖို့ ဧက ၁ဝဝ ခန့် လိုအပ်မှာဖြစ်ပြီး စက်ရုံတွေကို ၂၀၂၀ ပြည့်နှစ်မှာ အပြီးတည်ဆောက်မယ်၊ ဒီစီမံကိန်းတွေပြီးရင် ဟိုတယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုတယ်လို့ ကမ်းလှမ်းခဲ့ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။