ဧရာဝတီတိုင်း ငဝန်မြစ်ရေ စိုးရိမ်ရေ မှတ်ရောက်လုနေပြီဖြစ်ကြောင်း သတိပေးချက်ထုတ်
2015.08.28

ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွက် သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ်ကို နီးကပ်လာပြီဖြစ်တာကြောင့် မြစ်ကမ်းတလျှောက်နဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်ပါတယ်။
ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁ ပေတောင်မလိုတော့ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ဒါ့အပြင် ငဝန်မြစ်ကမ်းတလျှောက် နေထိုင်သူတွေကို နောက် ၃ ရက်အတွင်း ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လဆန်းမှာ မိုးကြီးခဲ့တာကြောင့် ဟင်္သာတ၊ ညောင်တုန်း၊ ကလေး၊ ပြည်၊ လက်ပံတန်း၊ မိုးညို၊ ဟားခါး၊ ဖလမ်း စတဲ့ မြို့နယ်အတော်များများမှာ ရေလွှမ်းသွားပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေဖွင့်လှစ်ခဲ့ရပါတယ်။ အဲ့ဒီရေကြီးမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ သေဆုံးသူ ၁၂၂ ဦးအထိရှိနေပြီး လူ ၁ သန်းခွဲကျော် ရေဘေးဒဏ်ခံခဲ့ရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို RFA သတင်းထောက် မခင်ပြည့်စုံ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။